
မက်ကိန်းအင်စတီကျုရဲ့ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်အစီအစဉ်မှာ ပါဝင်ခဲ့ဖူးသူ ဂျေဆုအာမတ်စ် (Jesús Armas) ကို ဗင်နီဇွဲလားရဲ့ မြို့တော် ကရာကက်စ်မြို့မှာ မျက်နှာဖုံးစွပ် အေးဂျင့် ၆ ဦးက လာရောက် ဖမ်းဆီးလိုက်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၉ မိနစ် အချိန်မှာ ဂျေဆုအာမတ်စ် ရုတ်တရက် ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းက ဗင်နီဇွဲလားရဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေကို ရိုက်ခတ်သွားစေခဲ့ပါတယ်။
ဗင်နီဇွဲလားရဲ့ သမ္မတ အာဏာရှင်မာဒူရို အစိုးရက သူနဲ့ သဘောထားကွဲလွဲသူတွေကို နှုတ်ပိတ်လေ့ရှိသူပါ။ ပြီးတော့ သူ့ကို ဝေဖန်သုံးသပ်သူတွေကို ဖမ်းဆီးအကျဉ်းထောင်ချကာ အကြောက်တရားတွေကို ဖြန့်ဝေတဲ့ အစဉ်အလာ ရှိတယ်လို့ PEN America ရဲ့ ကွန်ကရက်ဆိုင်ရာ ဦးဆောင်သူ Laura Schroeder က ပြောဆိုရေးသားလိုက်ပါတယ်။ ဂျေဆုအာမတ်စ်ကို ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူ့ကိုအမြန်လွှတ်ပေးရေး တောင်းဆိုရင်း အခုလို မှတ်ချက်ပြုလာဖြစ်ပါတယ်။
ဂျေဆုအာမတ်စ်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတဦးဖြစ်ပါတယ်။ ဗင်နီဇွဲလားရဲ့ ဇူလိုင် ၂၈ သမ္မတ ရွေးကောက်ပွဲဆိုင်ရာ အတိုက်အခံ မဲဆွယ်စည်းရုံးရေးရဲ့ အကြီးတန်း အဖွဲ့ဝင်တဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးတော့ ဗင်နီဇွဲလားနိုင်ငံရေးဆိုင်ရာ၊ အထူးသဖြင့် သမ္မတရွေးကောက်ပွဲကာလတွေမှာ ဝေဖန်သုံးသပ် မှတ်ချက်ပေးသူ တဦးအဖြစ် လူသိများသူတဦးလည်း ဖြစ်ပါတယ်။ Amnesty International ရဲ့ အဆိုအရ အခုလို ဂျေဆုအာမတ်စ် ရုတ်တရက် ပျောက်ဆုံးသွားတာက ဗင်နီဇွဲလားသမ္မတ ရွေးကောက်ပွဲနောက်ပိုင်း မတရားဖမ်းဆီးခံထားရတဲ့ အမှုပေါင်း ၂၀၀၀ ကျော်ထဲကတခု ဖြစ်ပါတယ်။
ကိုယ်ကျင့် သိက္ခာမောင်းနှင်တဲ့ မက်ကိန်းအင်စတီကျု
အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ အခြေစိုက်တဲ့ မက်ကိန်းအင်စတီကျု ဟာဆိုရင် အမေရိကန်နဲ့ ကမ္ဘာ့ရပ်ဝန်းတွေမှာ ဖြစ်ပျက်နေတဲ့ ခေါင်းဆောင်မှုဆိုင်ရာနှင့် မူဝါဒရေးရာ၊ လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံရေးဆိုင်ရာ၊ ဒီမိုကရေစီနှင့် လူအခွင့်အရေးဆိုင်ရာစတဲ့ ကိစ္စရပ်တွေကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ကို ရှေးရှုကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးတခု ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က စတင်ပြီး ဖွင့်လှစ်ထားတဲ့ မက်ကိန်းအင်စတီကျုရဲ့ စီမံကိန်းတွေ၊ လုပ်ဆောင်ချက်တွေနဲ့ အစီအစဉ်တွေက ထိရောက်လွန်းတာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ယုံကြည်လေးစားကြတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ လေးစားကြည်ညိုခြင်းကို ခံရသလို တဖက်မှာလည်း အာဏာရှင်တွေရဲ့ ပစ်မှတ်ထားခြင်းကိုလည်း အမြဲတစေ ခံရလေ့ရှိပါတယ်။
ဂျွန်မက်ကိန်းနှင့် အာဏာရှင်များ၏ လုပ်ရပ်
မက်ကိန်း အင်စတီကျုရဲ့ စံထားချက်၊ ရပ်တည်ချက်နဲ့ ရည်မှန်းချက်တွေဟာဆိုရင် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကိုပင် ပဓာန မထားဘဲ နောက်ဆုံးအချိန်အထိ ပေးဆပ်သွားခဲ့တဲ့ အင်မတန်မှ ဂုဏ်သိက္ခာကြီးမားတဲ့ ဂျွန်မက်ကိန်းရဲ့ လုပ်ဆောင်ချက်တွေကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂျွန်မက်ကိန်းကတော့ အမေရိကန်ရေတပ်လေယာဉ်မှူး၊ အမေရိကန်-ဗီယက်နမ် စစ်ပြန်သူရဲကောင်းနဲ့ အမေရိကန်နိုင်ငံရဲ့ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်တဲ့ အားလျော်စွာ အမေရိကန်နိုင်ငံရေး အသိုက်အဝန်းနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေရဲ့ လေးစားကြည်ညိုခြင်းကို ခံရတဲ့သူတဦးလည်း ဖြစ်ခဲ့ပါတယ်။
ထို့အတူ တဖက်မှာလည်း ဂျွန်မက်ကိန်းက စစ်အာဏာရှင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံခဲ့ရသူ တဦးလည်း ဖြစ်ပါတယ်။ ၂၁ ရာစုနှစ်ရဲ့ ပထမဦးဆုံးသော ဥရောပစစ်အဖြစ် တင်စားတဲ့ ၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားရဲ့ ဂျော်ဂျီယာနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုနဲ့အတူ ပူတင်ရဲ့ မတရားလုပ်ဆောင်မှုတွေကို ရဲရဲတင်းတင်း ဆန့်ကျင်သူတဦးအဖြစ် ထင်ရှားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း ရုရှားသမ္မတ အာဏာရှင် ပူတင်က ဂျွန်မက်ကိန်းအား ရှရှားနိုင်ငံသို့ သွားရောက်တာကို ပိတ်ပင်ကြောင်း မော်စကိုမြို့က ကြေညာလိုက်ချိန်မှာတော့ ဂျွန်မက်ကိန်းက အခုလို မှတ်ချက်ပြုခဲ့ပါတယ်။
“ရုရှားပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးအတွက် ရပ်တည်ပြီး ယူကရိန်းမှာ ပူတင်ရဲ့ အသေအပျောက် ရန်စမှုတွေကို ဆန့်ကျင်တဲ့အတွက် ဗလာဒီမာပူတင်က ဒဏ်ခတ်ပိတ်ဆို့တာကို ဂုဏ်ယူလို့ မရပါဘူး။ ရုရှားမှာ ဒီမိုကရေစီ၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ တရားဥပဒေစိုးမိုးရေးကို ထောက်ခံအားပေးဖို့ ကြိုးပမ်းမှုတွေကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။”
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်သူ ဂျွန်မက်ကိန်းက မြန်မာစစ်တပ်ရဲ့ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသူတဦးလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဂျွန်မတ်ကိန်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး အဲဒီအချိန်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောခွင့်ရကာ မြန်မာ့အရေးအတွက် ပြောဆိုမှုကြောင့် စစ်အစိုးရက ဂျွန်မက်ကိန်ကို ၁၅ နှစ်ကြာ ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်ခြင်း မပြုလုပ်ခဲ့ပါဘူး။ “စစ်အာဏာရှင် ရှိနေသမျှကာလပတ်လုံး စစ်မှန်တဲ့ ပြောင်းလဲမှုမျိုးကို မြန်မာနိုင်ငံမှာ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့” ၂၀၀၃ ခုနှစ်တွင် ဂျွန်မက်ကိန်းက အမေရိကန် လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ဖူးပါတယ်။
ဂျွန်မက်ကိန်း၏ ရှင်သန်နေဆဲ လုပ်ရပ်များ
အမေရိကန်နဲ့ နိုင်ငံတကာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး တို့ကို စွမ်းစွမ်းတမံ ကာကွယ်မြှင့်တင်ပေးခဲ့တဲ့ ဂျွန်မက်ကိန်းကို အာဏာရှင်တို့ရဲ့ ဘယ်လို လုပ်ရပ်ကမှ ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဆက်လက်ပြီး မက်ကိန်းအင်စတီကျု အနေနဲ့လည်း မြန်မာစစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၊ ၂၀၂၂ ခုနှစ် ရုရှားရဲ့ ယူကရိန်း ကျူးကျော်မှု စတဲ့ လုပ်ရပ်တွေကို ရဲရဲတင်းတင်း ရှုတ်ချခဲ့ပါတယ်။ အခုလည်း ဂျွန်မက်ကိန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တဦးဖြစ်သူ ဗင်နီဇွဲလား ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေးသမား ဂျေဆုအာမတ်စ်ကို မတရား ဖမ်းဆီးလိုက်ချိန်မှာတော့ မက်ကိန်းအင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာဒေါက်တာ အဲဗလင်ဖားကတ်စ်က အခုလို ပြောပါတယ်။
“တရားမဝင် အာဏာရှင် မာဒူရို အစိုးရက ဂျေဆုအာမတ်စ်ကို ချက်ချင်း လွှတ်ပေးရပါမယ်။ ဂျေဆုအာမတ်စ်ကို မတရားဖမ်းဆီးမှုက လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတဲ့ သန်းပေါင်းများစွာသော ဗင်နီဇွဲလားနိုင်ငံသားတွေကို နှုတ်ပိတ်ဖို့ ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ မက်ကိန်းအင်စတီကျုက အက်ဒ်မွန်ဒို ဂွန်ဇဲလက်ဇ် အပါအဝင် ဂျေဆုအာမတ်စ်နဲ့ တခြား ရဲရင့်သော ခေါင်းဆောင်တွေနဲ့ အတူ ရပ်တည်နေပါတယ်။”
ထို့အတူ မတ်ကိန်းအင်စတီကျုရဲ့ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှု အစီအစဉ်ရဲ့ လက်ထောက်ဒါရိုက်တာ စကော့နီမတ်သ်ကလည်း ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ ကျနော်က ဂျေဆုနဲ့ လက်တွဲပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ လွတ်မြောက်ရေးအတွက် သူ့ရဲ့ ဇွဲလုံ့လ အားထုတ်မှုတွေကို ပံ့ပိုးပေးဖို့ အခွင့်အရေးရခဲ့ပါတယ်။ ပြီးတော့ သူက ဗင်နီဇွဲလားပြည်သူလူထုအတွက် ပေးဆပ်ရာမှာ ကိုယ်ရဲ့အသက်ကို ရင်းနှီးပြီး မာဒူရိုအစိုးရကို ဆန့်ကျင်ကာ ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူနဲ့တွေ့ပြီးကတည်းက သူက ကမ္ဘာ့အသိုက်အဝန်းရဲ့ အကောင်းဆုံးကို ကိုယ်စားပြုပြီး အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ရပ်တည်ခဲ့တဲ့ စံနှုန်းစံထားတွေကို တိုက်ရိုက်ကိုယ်စားပြုတယ်လို့ ကျနော်ပြောနိုင်ပါတယ်။ သူ့ကို အခု ချက်ချင်း လွှတ်ပေးဖို့ လိုပါတယ်။”
တဆက်တည်းမှာပဲ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၈၃ နိုင်ငံက မက်ကိန်းအင်စတီကျုရဲ့ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း ၁၃၆ ခေါင်းဆောင်တွေကလည်း စာတမ်းထုတ်ပြန်ပြီး အခုလို ပြောပါတယ်။
“ဗင်နီဇွဲလား အာဏာရှင် မာဒူရိုအစိုးရရဲ့ မတရား ပြန်ပေးဆွဲမှုနဲ့ အကျဉ်းချခံနေရတဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဖက်ကောင်း ဂျေဆုအာမတ်စ်နဲ့ အတူအကွ ရပ်တည်နေတယ်။ ပြီးတော့ ဗင်နီဇွဲလားရဲ့ သမ္မတ အာဏာရှင် မာဒူရို အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲလိမ် မသမာမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဖက် အာမတ်စ်ကို နှုတ်ပိတ်ဖို့ ကြိုးပမ်းတဲ့ မာဒူရို အစိုးရကို ကျနော်တို့ တောင်းဆိုပါတယ်။”
ဂျေဆုအာမတ်စ်က ဗင်နီဇွဲလားရဲ့ မြို့တော် ကရာကက်စ်မြို့ရဲ့ မြို့တော်ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၁၃ ခုနှစ်မှာ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပြီး ကရာကက်စ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် အကြိုအရွေးခံသူ တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို မြှင့်တင်ပေးတဲ့ Primero Justicia နိုင်ငံရေးပါတီရဲ့ ဒါရိုက်တာအဖြစ်လည်း လူသိများပြီး ဗင်နီဇွဲလား ပြည်သူလူထုအတွက် နှစ်ရှည်လများ ဝန်ဆောင်မှုပေးသူတဦး ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ ဂျေဆုအာမတ်စ် လွတ်မြောက်ရေးအတွက် မက်ကိန်းအင်စတီကျု အပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကလည်း တတ်နိုင်သလောက် အားကြိုးမာန်တက် လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။
ညီညာတွန်းတိုက် အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှု
ကမ္ဘာတဝန်းလုံးမှာ အာဏာရှင်တွေ ခေါင်းထောင်လာချိန်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ယုံကြည်လေးစားလိုက်နာကြတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေ အားလုံးကလည်း လွတ်လပ်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီ ရှင်သန်ရေးနဲ့ အာဏာရှင် ဖြုတ်ချရေးအတွက် အတူတကွ ရပ်တည်ကာ မားမားမတ်မတ်ရပ်တည်ကြရမှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအပေါ် အသက်ထက်ဆုံးထိတိုင်အောင် ပေးဆပ်ရင်း ၂၀၁၈ ခုနှစ်၊ ဩဂုတ် ၂၅ ရက်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန် အထက်လွတ်တော်အမတ်ဟောင်း ဂျွန်မက်ကိန်းလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးတို့အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။
ဒါမှ အပြစ်မဲ့ ပြည်သူတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေ၊ ကျောင်းသားတွေ၊ နောင်လာနောက်သားတွေက အာဏာရှင်တွေရဲ့ မသမာမှု၊ အကောက်ကြံမှု၊ မနာလို မုန်းထားမှု၊ ကြမ်းတမ်းရက်စက်မှု၊ သတ်ဖြတ်မှုစတဲ့ ဘေးဒဏ်အမျိုးမျိုးတို့က ကင်းကွာပြီး သူတို့ရှင်သန်နေထိုင်တဲ့ ကမ္ဘာလောကကြီးကို ကိုယ်ချင်းစာတရား၊ ငြိမ်းချမ်းရေးတရား၊ ချစ်ခြင်းမေတ္တာတရားတွေကို အခြေခံတဲ့ လှပတဲ့ ဖန်တီးမှုတွေနဲ့ အလှဆင်နိုင်ကြမှာ ဖြစ်ပါတယ်။
ဇော်တူးခေါင်
(စာရေးသူသည် ဝါရှင်တန်ဒီစီအခြေစိုက် McCain Institute ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်များအစီအစဉ်မှာ မြန်မာနိုင်ငံကနေ ပါဝင်ခဲ့သူတဦးဖြစ်ပါသည်။)