ရေနံထုတ်ကုန် တန်ချိန် ၄၂,၀၀ တင်ဆောင်လာတဲ့ ရုရှားရေနံတင်သင်္ဘောတစီးဟာ ဒီဇင်ဘာ ၁၅ ရက်မှာ အင်အားပြင်းမုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ရအပြီး နှစ်ပိုင်းကွဲသွားခဲ့ကာ ကာ့ချ်ရေလက်ကြားမှာ ရေနံတွေ ယိုဖိတ်ခဲ့ပါတယ်။
နောက်ထပ် သင်္ဘောတစီးလည်း အကြီးအကျယ်ပျက်စီးပြီး အန္တရာယ်ရှိနေတယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီရေနံတင်သင်္ဘောတွေဟာ ၂၀၁၄ ခုနှစ်က ရုရှားက ယူကရိန်းဆီက သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားနဲ့ ရုရှားကုန်းမကြီးကြား ကာ့ချ်ရေလက်ကြားမှာ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
လူ ၁၅ ယောက် လိုက်ပါလာတဲ့ အလျား ၁၃၆ မီတာရှိတဲ့ ဗော်လ်ဂါနက်ဖ် 212 ရေနံတင်သင်္ဘောဟာ နှစ်ပိုင်းကွဲသွားပြီး ဦးပိုင်းနစ်မြုပ်သွားပါတယ်။ ဒီဖြစ်စဉ်မှာ အနည်းဆုံး လူတယောက်သေဆုံးခဲ့ပြီး ၁၂ ယောက်ကိုတော့ ကယ်ဆယ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ရုရှားအလံလွှင့်ထားတဲ့ ဒီသင်္ဘောကို ၁၉၆၉ က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယသင်္ဘော ဗော်လ်ဂါနက်ဖ် 239 ကတော့ ပျက်စီးပြီး ရေစီးနဲ့ မျောနေပါတယ်။ အဲဒီသင်္ဘောပေါ်မှာ လူ ၁၄ ယောက် လိုက်ပါလာပြီး ၁၉၇၃ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ပူတင်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့နဲ့ လောင်စာဆီယိုဖိတ်မှုရဲ့ သက်ရောက်မှုတွေကို လျှော့ချဖို့ လုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းဖို့ အစိုးရကို ညွှန်ကြားခဲ့ပါတယ်။
ကယ်ဆယ်ရေး ဆွဲသင်္ဘောတွေနဲ့ Mi-8 ရဟတ်ယာဉ်တွေ အပါအဝင် လူ ၅၀ ကျော်နဲ့ ပစ္စည်းကိရိယာတွေကို ဒီဧရိယာဆီ စေလွှတ်ထားတယ်လို့ ရုရှားက ပြောပါတယ်။
Source : Reuters