Home
ရုပ်သံ
တောင်ကုတ်မြို့နှင့် စကခ ၅ ကို AA  သိမ်းပိုက်၊ ထွက်ပြေး စစ်ကောင်စီတပ်များကို လိုက်လံ ရှင်းလင်း
DVB
·
December 16, 2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ကို သိမ်းပိုက်လိုက်ပြီး တောင်ကုတ်မြို့နယ်တခုလုံးကိုလည်း အပြီးသတ်ထိန်းချုပ်နိုင်ပြီလို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခ က DVB ကို အတည်ပြုပြောပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီကျော်မှာ အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်ပြီး (စကခ ၅) က ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်း ဖမ်းဆီးနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ စကခ ၅ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီဇင်ဘာ ၈ ရက်ကလည်း  မောင်တောမြို့နယ်မှာ နခခ (၅) ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၄၅၀ ထက်မနည်း သေဆုံးခဲ့ကာ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရိုဟင်ဂျာလက်နက်ကိုင် သုံ့ပန်းအများအပြားကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ AA က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဂွမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်စခန်းတွေကို AA က တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ  အာရက္ခတပ်တော်က မြို့တွေတမြို့ပြီး တမြို့ သိမ်းပိုက်နေပြီး စစ်ကောင်စီတပ်တွေ စစ်ရှုံးနေချိန်မှာ စစ်ခေါင်းဆောင်ကတော့ AA တပ်ဖွဲ့တွေ လက်နက်ချကြဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013