လက်နက်ကိုင်နည်းလမ်းနဲ့ လိုလားချက်ကိုတောင်းဆိုမရနိုင်ဘူးလို့ လက်နက်နဲ့အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်က မြို့တွေအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး အခမ်းအနားကို ဘယ်မြို့မှာလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
‘၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရပါသည်။ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြပါသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့ လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကိုသိရှိကြပြီး လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုပါသည်’ လို့ သူ့ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
လက်ရှိကာလမှာ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအတွင်း မတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတချို့က ဩဇာလွှမ်းမိုးချုပ်ကိုင်ချင်တဲ့အတွက် ပြည်တွင်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေတာကို မြင်တွေ့ရမယ်လို့လည်း ဆိုပါတယ်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းတာကပဲ အားလုံး မျှော်လင့်ထားတဲ့ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မယ်လို့လည်း ဆိုထားပါတယ်။
နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာမှပဲအောင်မြင်နိုင်မှာဖြစ်ပြီး ဆွေးနွေးမှုတွေကို ဖိတ်ခေါ်သလို ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ကြိုဆိုနေကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။