အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနဲ့ အစ္စရေးနိုင်ငံတို့အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေကို ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ အိုင်ယာလန်နိုင်ငံက လျှောက်ထားသွားမယ်လို့ အိုင်ယာလန်မဂ္ဂဇင်း Hot Press မှာ ဒီဇင်ဘာ ၁၁ ရက်က ဖော်ပြပါတယ်။
ရိုဟင်ဂျာ လူနည်းစုတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံးမှာ ၂၀၁၉ ခုနှစ်က တရားစွဲဆိုထားတဲ့အမှုကို ၁၉၄၈ ဂျီနိုဆိုက်ကွန်ဗန်းရှင်းအရ အိုင်ယာလန်နိုင်ငံက ကြားဝင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့ မြန်မာနဲ့ အစ္စရေးအမှုတွဲ ၂ ခုကို တရားဝင် ကြားဝင်ဆောင်ရွက်သွားဖို့ နိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲအပြီး အစိုးရဝန်ကြီးများအဖွဲ့ရဲ့ ပထမအကြိမ် အစည်းအဝေးမှာကတည်းက အိုင်ယာလန်အစိုးရရဲ့ ခွင့်ပြုချက်ကို သူ့အနေနဲ့ ရရှိထားခဲ့ကြောင်း အိုင်ယာလန်ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ မိုက်ကယ် မာတင်က ကြေညာထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု မြောက်စေတဲ့ နိုင်ငံတနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ရုံးတော်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ခြုံငုံသုံးသပ်သွားဖို့ ICJ တရားရုံးကို အိုင်ယာလန်နိုင်ငံက တောင်းဆိုသွားမယ်လို့လည်း မိုက်ကယ် မာတင်က ပြောထားပါတယ်။
ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် မာတင်က “လူမျိုးတုံး သတ်ဖြတ်မှုလို့ ယုံကြည်ရတဲ့ လုပ်ရပ်တွေကို အကျယ်တဝင့် အဓိပ္ပာယ်ဖွင့်ဆိုတာမျိုး မရှိမှုက ကျူးလွန်သူတွေအတွက် အပြစ်ပေးခံရမှုကနေ ကင်းလွတ်နေတဲ့ ယဉ်ကျေးမှုတခုဆီကို ဦးတည်စေပြီး တဖက်မှာတော့ အရပ်သားပြည်သူတွေအပေါ် ကာကွယ်စောင့်ရှောက်မှု အားလျော့သွားစေပါတယ်။ ဂျီနိုဆိုက်ကွန်ဗန်းရှင်းအပေါ် အိုင်ယာလန်ရဲ့ ရှုမြင်ပုံကတော့ ပိုမိုကျယ်ပြန့်ပြီး အရပ်သားပြည်သူတွေရဲ့ ဘဝကာကွယ်စောင့်ရှောက်ရေးကိုပဲ ဦးစားပေး စဉ်းစားတယ်” လို့ ပြောပါတယ်။
အိုင်ယာလန်အနေနဲ့ မြန်မာအမှုအပြင် ဂါဇာမှာ လူပေါင်း ၄၄,၀၀၀ သေဆုံးစေခဲ့ပြီး လူပေါင်းသန်းချီ နေရပ်စွန့်ခွာခဲ့ရတဲ့ အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ဂျီနိုဆိုက်ကွန်ဗန်းရှင်းအရ တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုမှာလည်း ကြားဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့ မြန်မာအမှုမှာ ဂမ်ဘီယာနိုင်ငံဘက်က ရပ်တည်တဲ့ နိုင်ငံဟာ ၉ နိုင်ငံအထိ ရှိလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဥရောပနိုင်ငံတနိုင်ငံဖြစ်တဲ့ ဆလိုဗေးနီးယားနိုင်ငံက ဒီအမှုမှာ ကြားဝင် လိုက်ပါဆောင်ရွက်ခွင့်ပြုဖို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လ်ဒိုက် စတဲ့ နိုင်ငံ ၇ နိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတဲ့ မြန်မာအမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ ပူးတွဲလျှောက်ထားခဲ့ပြီး တရားရုံးက ခွင့်ပြုပေးခဲ့ပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်တော့ ငြင်းဆိုထားပါတယ်။