ဘိုလီးဗီးယားအစိုးရဟာ နိုင်ငံရဲ့မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ဒါရိုက်တာဟောင်း မက်စီမီလီယာနို ဒါဗီလာကို ကိုကင်းမှောင်ခိုကူးမှုစွဲချက်တွေကို ဖြေရှင်းရင်ဆိုင်ဖို့အတွက် ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်ကိုလွှဲအပ်ခဲ့ပြီး နိုင်ငံရဲ့ မူးယစ်ဆေးဝါး မှောင်ခိုနှိမ်နင်းရေးမှာ သမိုင်းမှတ်တိုင်တခု ဖြစ်လာပါတယ်။
ဘိုလီးဗီးယား လက်ဝဲသမ္မတဟောင်း အီဗို မိုရာလက်စ်လက်ထက်မှာ မက်စီမီလီယာနို ဒါဗီလာ ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ ဒါရိုက်တာအဖြစ် တာဝန်မထမ်းဆောင်ခင်နဲ့ ထမ်းဆောင်အပြီးချိန်တွေမှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှုတို့မှာ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
ဘိုလီးဗီးယားမြေကနေ ဒါဗီလာ ထွက်ခွာပြီဆိုတာနဲ့ အမေရိကန် အမှုထမ်းတွေရဲ့ ထိန်းသိမ်းမှုအောက်မှာ ထားရှိမှာဖြစ်ပြီးတော့ အမေရိကန်ကို မခေါ်ဆောင်သွားသေးခင်မှာ ပီရူးနိုင်ငံ လီမာမြို့တော်မှာ လေယာဉ်တွေ အချိန်းအပြောင်းလုပ်မယ်လို့ ရဲဌာနက ပြောပါတယ်။
ဒါဗီလာကို အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဘိုလီးဗီးယားမှာ အကျဉ်းချခံခဲ့ရပြီး အဲဒီလမှာပဲ အမေရိကန်တာဝန်ရှိသူတွေဟာ သူနဲ့ပတ်သက်တဲ့ ကိုကင်းမှောင်ခိုကူးမှုနဲ့ လက်နက်မှု စွဲချက်ကို ဖွင့်ချလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ သူ့ကို ပြစ်ဒဏ်ချနိုင်စေတဲ့ သတင်းအချက်အလက်တွေအတွက် ဒေါ်လာ ၅ သန်း ဆုငွေထုတ်ခဲ့ပါတယ်။
ဒါဗီလာဟာ သူ့ရာထူးကို အလွဲသုံးစား လုပ်ပြီးတော့ ဘိုလီးဗီးယား ဥပဒေအရာရှိတွေကို အသုံးပြုခြင်း၊ စက်သေနတ်တွေ ကိုင်ဆောင်ခြင်းနဲ့ ကိုကင်းတင်ပို့မှုကို စောင့်ကြပ်သယ်ယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယူးယော့ခ် တောင်ပိုင်း ခရိုင်ဆိုင်ရာ အမေရိကန်ရှေ့နေက ပြောထားခဲ့ဖူးပါတယ်။
သူကတော့ မူးယစ်မှောင်ခိုမှုနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လမှာတော့ ဘိုလီးဗီးယားတရားရုံးချုပ်ဟာ သူ့ကို အမေရိကန်ကို လွှဲပြောင်းပေးမှုကို အတည်ပြုခဲ့ပါတယ်။
Source-Reuters