ယူကရိန်းနိုင်ငံတောင်ပိုင်း ရက်စ်တို့ဗ်ဒေသရှိ တာဂံရော့ဂ် စစ်လေယာဉ်ကွင်းကို ချိန်ရွယ်ပြီး ယူကရိန်းကနေ ပစ်ခတ်တဲ့ အမေရိကန်လုပ် ATACMS ပဲ့ထိန်းဒုံးကျည် ၆ စင်းကို ရုရှား တပ်ဖွဲ့တွေက ပစ်ချခဲ့တယ်လို့ ရုရှားက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းကလည်း သူ့တပ်ဖွဲ့တွေက ရုရှားရဲ့ တိုက်ခိုက်မှုအများအပြားကို ချေမှုန်းခဲ့တယ်လို့ အဲဒီနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနိုင်ငံ ရက်စ်တို့ဗ်ဒေသက တာဂံရော့ဂ်စစ်လေယာဉ်ကွင်းကို အနောက်နိုင်ငံတွေက အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက ရုရှားနိုင်ငံ ကာ့က်စ်ဒေသထဲက နောက်ထပ် ရွာ ၂ ရွာကို ပြန်သိမ်းနိုင်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
ပေါ့ခ်ရော့ဗ်စ်ခ်နဲ့ ခူရာခို့ဗ်နယ်မြေတွေထဲမှာ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး ယူကရိန်း တပ်ဖွဲ့တွေက ရှေ့တန်းမှာ ရုရှားတပ်ဖွဲ့တွေနဲ့ အကြိမ် ၁၄၀ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဆူမွေနဲ့ ချာနီဗက်စ်ဒေသတွေကို ရုရှားက လေကြောင်း ကနေ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောခဲ့သလို ကာ့က်စ်ခ်ဒေသမှာ ယူကရိန်းစစ်တပ်က ရုရှားရဲ့ ထိုးစစ် ၁၅ ခုကို ချေမှုန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး လိုက်လျောမှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး မာရီယာ ဇာခါရိုဗာက ဗုဒ္ဓဟူးနေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ် ဦးဆောင်တဲ့ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စေ့စပ် ညှိနှိုင်းရေးအစီအစဉ်အရ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားဆဲလို့ ပြောပါတယ်။
ဒါပေမဲ့ ရုရှားဟာ ထရမ့်ပ်ရဲ့ အဖွဲ့ဆီက ကြီးမားတဲ့ အဆိုပြုချက်တွေကို မရသေးဘူးလို့ ဇာခါရိုဗာက မှတ်ချက်ပြုခဲ့ ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက လုံခြုံရေးအာမခံချက်မရှိပဲ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်မထိုးဘူးလို့ ပြောထားလို့ ဇလန်းစကီးအတွက် ငြိမ်းချမ်းရေးက ဦးစားပေးမဟုတ်ဘူးလို့ လည်းသူက ပြောခဲ့ပါတယ်။
Source: Reuters