ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရစ်ချ်ဇီးယားမြို့မှာ ဒီဇင်ဘာ ၁၀ ရက်က ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ပုဂ္ဂလိကဆေးခန်းတစ်ခုကို ထိမှန်ပျက်စီးခဲ့ရာမှာ သေဆုံးသူ ၇ ယောက်ထိ အရေအတွက် မြင့်တက်လာပြီး ၁၆ ယောက် ဒဏ်ရာ ရရှိခဲ့ပြီးတော့ အပျက်အစီးတွေ အောက်မှာလည်း နောက်ထပ်အများကြီး ပိတ်မိနေသေးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြို့လယ်ကောင် တိုက်ခိုက်ခံရအပြီးမှာ ကယ်ဆယ်ရေးသမားတွေဟာ ပြိုကျခဲ့တဲ့ အဆောက်အဦကနေ အပျက်အစီးပုံတွေကို ဖယ်ရှားရှင်းလင်းကာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေကြောင်း ဒေသအုပ်ချုပ်ရေးမှူး အီဗန်ဖှက်ဒရော့ဗ်က တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။
နောက်ထပ် လူ ၈ ယောက်ကို ရှာဖွေနေဆဲ ဖြစ်ပြီး ဆိုးရွားစွာ ပျက်စီးနေတဲ့ အဆောက်အအုံထဲမှ လူတွေကို ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ လူတယောက်ဟာ ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေပြီး ဆေးဖက်အဖွဲ့ဝင် ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ဖှက်ဒရော့ဗ်က ပြောကြားပါတယ်။
သမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက အဲဒီတိုက်ခိုက်မှုကို ‘ရက်စက်မှု’ လို့ ခေါ်ဆိုခဲ့ပြီး ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးဖို့ မဟာမိတ်တွေကို မေတ္တာရပ်ခံချက် အသစ်ကို ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အလုံးစုံစစ်ပွဲ စတင်ခဲ့တဲ့ ရုရှားရဲ့တပ်ဖွဲ့တွေဟာ ဇာပိုရစ်ချ်ဇီးယားနဲ့ အနီးတဝိုက်ဒေသကို ပုံမှန်တိုက်ခိုက်လေ့ ရှိပါတယ်။
ဒီဇင်ဘာ ၆ ရက်ကလည်း မြို့တော်ကို တိုက်ခိုက်မှုကြောင့် လူ ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Source: Reuters