Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅,၀၀၀ ခန့် ပြည်သူ့ရင်ခွင်ခိုလှုံ 
DVB
·
December 10, 2024

ပြီးခဲ့တဲ့ ၁၁ လအတွင်း စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်မှူးကြီးအဆင့်အပါအဝင် အယောက် ၅၀၀ လောက် ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး ၃ နှစ်ကျော်အတွင်း အယောက် ၁၅,၀၀၀ လောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီနေ့လုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားတဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တာပါ။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း ခြေလျင်တပ်သား ၃၀၂ ယောက်၊ ရေတပ်သား ၁၁ ယောက်၊ လေတပ်သား ၁၁ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ယောက်နဲ့ အကျဉ်းဦးစီးဝန်ထမ်း ၅ ယောက်၊ စုစုပေါင်း ၄၇၅ ယောက်ဟာ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ခိုလှုံလာတယ်လို့ ပြောပါတယ်။

“ရာထူးအားဖြင့် ပြောမယ်ဆိုရင် စစ်တပ်ဘက်က ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ ပါဝင်ခဲ့ပြီးတော့ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ပါတယ်။ ပြည်သူ့ရင်ခွင် ခိုဝင်လာသူတွေထဲက ၄၇၅ ဦးမှာ ၁၉၁ ဦးဟာ လက်နက်နဲ့အတူ ဝင်ရောက်လာသူတွေဖြစ်ပြီး သူတို့ ယူဆောင်လာတဲ့ လက်နက်အမျိုးအစားပေါ်မူတည်ပြီး ချီးမြှင့်ငွေ ပေးအပ်ခဲ့ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သွေးထွက်သံယိုမှု နည်းနိုင်သမျှနည်းနည်းနဲ့ တော်လှန်ရေး အောင်မြင်ရေးကိုရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေပြီး အဲဒီကော်မတီက ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စိစစ်လက်ခံကူညီပေးနေတယ်လို့ သူက ပြောပါတယ်။

“မြန်မာစစ်တပ်ထဲမှာရှိကြတဲ့ ကျန်အရာရှိတွေ၊ အကြပ်တပ်သား စစ်သည်တွေအားလုံးကိုလည်း တပ်မတော်ကို မင်းအောင်လှိုင်လို စစ်ရာဇဝတ်ကောင်နဲ့ အပေါင်းအပါတွေလက်ထဲကနေ ပြန်ကယ်တင်ပြီး ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးနဲ့မပတ်သက်တဲ့၊ ပြည်သူလူထုကို အမှန်တကယ်အကာအကွယ်ပေးတဲ့ အကျိုးပြုတပ်မတော်အဖြစ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူတွေနဲ့အညီ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (Security Sector Reform) ကို ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီအချိန်မှာ မင်းအောင်လှိုင်နဲ့လမ်းခွဲပြီး ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်ကိုရှာခြင်းကသာ အားလုံးအတွက် ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်ဆိုတာ ပြတ်ပြတ်သားသား ပြောကြားလိုပါတယ်။”

ကော်မတီဖွဲ့စည်းခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း စစ်သား အယောက် ၃,၇၀၀ ကျော်၊ ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော်၊ စုစုပေါင်း ၁၅,၀၀၀ လောက် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ပြီး သူတို့နဲ့အတူ မိသားစုဝင်တွေလည်း ပါသလို သူတို့ကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကူညီပံ့ပိုးပေးနေတယ် လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီနဲ့ ချိတ်ဆက်မလာဘဲ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ လမ်းခွဲခဲ့ကြသူတွေ၊ တနည်းနည်းနဲ့ တပ်တွင်းအာဏာဖီဆန်မှုကို ပြုလုပ်နေကြသူတွေ၊  တပ်အတွင်းကနေပြီး တော်လှန်ရေးကို တနည်းနည်းနဲ့ ကူညီပံ့ပိုးပေးနေကြသူတွေလည်းရှိနေပြီး အဲဒီလို ပုဂ္ဂိုလ်မျိုးတွေရဲ့ အားထုတ်မှုတွေကိုလည်း NUG အနေနဲ့ အသိအမှတ်ပြုတယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013