Home
မြန်မာသတင်း
စလင်းနှင့် မြိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၉ ဦးထက်မနည်းသေ
DVB
·
November 9, 2024
Photo-Joker ပြောက်ကျားတပ်ဖွဲ့
Photo-စလင်း ပကဖ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရလို့ ၇ ယောက်ထက်မနည်းသေဆုံးပြီး မြိုင်မြို့မှာလည်း မြို့ပေါ်ကို ဈေးဝယ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင် သုံးပွင့်ဗိုလ် ၁ ယောက် အပါအဝင် ၂ ယောက်သေဆုံး၊ သေနတ် ၁ လက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

စလင်းမြို့နယ်မှာ တညောင်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲနေတဲ့ တညောင်တိုက်နယ် ရဲစခန်းနဲ့ လျှပ်စစ်ဓါတ်အားခွဲရုံးတို့ကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အခုမစ်ရှစ်က စစ်ရေးစီမံချက်ထဲမှာပါဝင်တာကြောင့် အကောင်အထည်ဖော်တဲ့အနေနဲ့ တပြိုင်တည်း၊ တချိန်တည်း ဝင်တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ တညောင်တိုက်နယ်ရဲစခန်းနဲ့ လျှပ်စစ်ဓါတ်အားခွဲရုံးတို့ကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “ရဲစခန်းကိုတိုက်ခိုက်အပြီးမှာ သူတို့လုံခြုံရေးအတွက် ရဲစခန်းပတ်ချာလည်မှာလုပ်ထားတဲ့ အတားအဆီးတွေကို မီးရှို့ဖျက်ဆီး ရှင်းလင်းခဲ့ပါသေးတယ်။ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပေမယ့် ကျနော်တို့ဘက်က ထိခိုက်တဲ့သူမရှိခဲ့ဘဲ ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်းပကဖ) နဲ့အတူ ရပ်ကျေး ပကဖ၊ မင်းဘူးခရိုင် ပကဖ၊ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့) နဲ့ Chauk Guerrilla Force (CGF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြိုင်မြို့မှာတော့ မြို့ပေါ်ကို စျေးဝယ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၇ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် သုံးပွင့်ဗိုလ် ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးပြီး သေနတ် ၁ လက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။

Joker ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မြို့မြောက်ဘက် ချောင်းဆုံဂိတ်က ကောင်တွေပါ။ မကြာခဏမြို့ပေါ်ကိုစျေးတက်ဝယ်တယ်။ အခုလည်း သူတို့စျေးဝယ်ထွက်လာတာကို ကြိုသတင်းရတာနဲ့ စောင့်ပြီးဖြတ်တိုက်တာ သုံးပွင့်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၁ ယောက်အသေမိတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိဟာ သုံးပွင့်ဗိုလ် ချစ်စမ်းမောင် ဆိုသူဖြစ်ပြီး သူတို့တွေရဲ့တပ်ရင်းဌာနတွေကိုတော့ စုံစမ်းဆဲဖြစ်သလို တိုက်ခိုက်မှုအတွင်းကနေ MA3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့​တယ်လို ဆိုပါတယ်။

အဲဒီကြားဖြတ်တိုက်ခိုက်မှုကိုတော့ Joker ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ ခွဲ ၃ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းကလည်း မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာကနေ ထွက်လာတဲ့ပျူစောထီးတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့လို့ ပျူစောထီး ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013