မကွေးတိုင်း မြိုင်မြို့နယ်၊ လင်းကတောရွာအနီးမှာ စစ်တပ်က အောက်တိုဘာ ၃၀ ရက် မနက် ၁၀ နာရီကျော်က လေယာဉ်နဲ့ ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းက ချောက်တောင်းရွာကို မီးရှို့ သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချောက်တောင်းရွာ ဒေသခံ တယောက်က “တိုက်ပွဲဖြစ်လို့ ရွာကို မီးရှို့တာလား၊ မဖြစ်ဘဲရှို့တာ လားဆိုတာကတော့ အတိကျ မပြောတတ်ဘူး။ အရပ်သားတွေ အကုန်းလုံးကတော့ စစ်ကြောင်းလာပြီလို့ အသံကြားကတည်းက ရွာက ထွက်ပြေးရတာ။ ပစ်ခတ်သံတွေကတော့ ကြားရတယ်။ ၂ ဖက် တိုက်ပွဲဖြစ်ကြတာလား၊ စစ်တပ်ကပဲ ရွာထဲကို ပစ်ဝင်တာလားဆိုတာတော့ အတိအကျ မပြောနိုင်ဘူး”လို့ ပြောပါတယ်။
ချောက်တောင်းရွာကို စစ်တပ်က နေခင်းပိုင်းမှာ ရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ရွာကို မီးရှို့ပြီးနောက် ကျေးရွာအတွင်းက စာနပ်ရိက္ခာတွေ သယ်ဆောင်ကာ လင်းကတော ရွာဘက်ကို ပြန်လည် ထွက်ခွာသွားပြီးဖြစ်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
မြိုင်ပြည်သူကာကွယ်ရေးခေါင်းဆောင် တယောက်က “ကနဦး လင်းကတောရွာကနေ ချောက်တောင်းရွာဘက်ကို စစ်ကြောင်း စထိုးတယ်။ အဲဒီ စစ်ကြောင်း ထိုးတဲ့အချိန် ကျနော်တို့ တပ်က စစ်ကြောင်းနားကပ်ပြီး ကင်းထောက်တာ လေယာဉ်ကလာပြီး ပတ်ပစ်သွားတာပါ။ လေယာဉ်နဲ့ ပစ်ခတ်ပေမဲ့ တယောက်မှ ထိခိုက်တယ်ဆိုတာတော့ မကြားရဘူး” လို့ပြောပါတယ်။
ချောက်တောင်းရွာကို မီးရှို့ပြီး ရိက္ခာသယ်သွားတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေစကြိုမြို့နယ် ဇီးတောပျူရွာမှ လင်းကတောရွာရဲစခန်းကို လက်နက်ခဲယမ်းတွေလာပို့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကိုလည်း အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံမြို့ခံတွေဆီကနေ သိရပါတယ်။
မြင်းခြံမြို့ခံတယောက်က “ရွာသစ်နဲ့ ရုံးဒိုးရွာဘက်ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲသွားတာလို့ သိရတယ်။ အပျက်အစီး အထိအခိုက်ကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အဆိုပါနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိဘူးလို့လည်း သိရပါတယ်။
မြင်းခြံမြို့နယ် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာမရှိဘူး။ အသားလွတ် ဗုံးကြဲသွားတာ။ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့တော့ ကနဦးသိရတယ်။ အတည်ပြုနိုင်ဖို့ ဗုံးကြဲခံရတဲ့ နေရာတွေက မြေပြင်အခြေအနေကို စုံစမ်းဖို့ သွားနေသလို ဆေးတပ်ဖွဲ့လည်း လိုက်သွားပါတယ်။ အဲဒီ ၂ ရွာက ရွာခံတွေကတော့ ထပ်ပြီး ဗုံးကြဲခံရမှာစိုးလို့ ထွက်ပြေးနေကြတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း မြင်းခြံမြို့နယ်ထဲက ချေဆေးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတယောက် သေဆုံးခဲ့ရသလို ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က စတင်ခဲ့တဲ့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို မြေပြင်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာလည်း စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေ အဆက်မပြတ် ကျူးလွန်နေတယ်လို့ မြင်းခြံမြို့နယ် ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။