မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အမျိုးသမီးဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က ကုန်စုံဆိုင်ရှင်ကို သတ်ပြီး အဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ဆိုင်ရှင်ကိုလည်းသတ်သွားတယ်။ ဆိုင်ထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေလည်းယူသွားတယ်။ ကျနော်တို့က ရွာနီးနားချင်းတွေဆိုတော့ ဘယ်အဖွဲ့က ဘာလုပ်တယ်ဆိုတာ သိနေတာပါ။ သေသွားတဲ့ဆိုင်ရှင် အဒေါ်ကြီးရဲ့ကိုယ်မှာ ကျည်ဆံရာ ၂ ချက်တွေ့တယ်” လို့ DVB ကို ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ ပျူစောထီးအဖွဲ့ဝင် ၆ ယောက်ဟာ လက်နက်တွေနဲ့အတူ ဆိုင်ကယ် ၃ စီးနဲ့ မြင်းခြံမြို့နယ်၊ ကူရွာကျေးရွာက ပိုင်ရှင် ဒေါ်ပြုံးကြည်ရဲ့ ကုန်စုံဆိုင်ကိုရောက်လာပြီး ဆိုင်ပိုင်ရှင်ကိုသတ်ဖြတ်၊ အဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အသက် ၅၆ နှစ်အရွယ် ဒေါ်ပြုံးကြည်ဟာ အိမ်အတွင်း တယောက်တည်း ရှိနေချိန်မှာ ပျူစောထီးတွေက အခုလိုဝင်ရောက်လုယက် သတ်ဖြတ်သွားတာဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
မြင်းခြံမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုရဲ့တာဝန်ခံက “ဒီဘက်နယ်တကြောမှာ ပျူခေါင်းဆောင် သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့သောင်းကြမ်းနေတာ။ သူတို့အဖွဲ့ကို စစ်တပ်က လက်နက်တွေ ထုတ်ပေးထားတာ။ အိမ်တွေ၊ ဆိုင်တွေ၊ လိုင်းကားတွေကို ဓားပြတိုက် အနုကြမ်းစီးပြီး လုပ်စားနေတာ။ အခုလည်း သူတို့အဖွဲ့ကလုပ်သွားတာ” လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြင်းခြံမြို့နယ်ရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိခဲ့သလို ဆိုင်ပိုင်ရှင်သေဆုံးတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့ဟာ မန္တလေး- မြင်းခြံ ကားလမ်းပိုင်းမှာ ခရီးသွားကားတွေကို ဖမ်းဆီးခြိမ်းခြောက်ငွေညှစ်တာတွေကို မကြာခဏပြုလုပ်လေ့ရှိသလို စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ဖုံကျေးရွာက ဒေသခံ အမျိုးသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကိုလည်းမီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
စက်တင်ဘာ ၁၆ ရက်ကလည်း မြင်းခြံနဲ့ တောင်သာနယ်အစပ်က ခြုံကြီးကျေးရွာ (ခေါ်) သာယာကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီး PDF တပ်ဖွဲ့ဝင် ၄ ယောက်နဲ့ ဒေသခံပြည်သူ ၁ ယောက် တို့ကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့ကြသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။