မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ အောက်တိုဘာ ၂၅ ရက် မနက် ၄ နာရီခွဲဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဘုရားအုတ်တံတိုင်းပြိုကျပြီး လူတယောက် သေဆုံးခဲ့သလို တယောက်လည်း စိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြင်းခြံမြို့ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က “မနက်က မိုးအရမ်းရွာတယ်။ ရပ်ကွက် ၁၀ မှာရှိတဲ့ မဟာဝါဠုကာရာမ သဲပြင်ကျောင်းက ဘုရားလေးဆူစေတီရဲ့ အုတ်တံတိုင်း ပြိုကျခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ အမြင့် ၈ ပေ၊ အလျား ပေ ၁၅၀ နီးပါးရှိတဲ့ အုတ်တံတိုင်း ပြိုကျခဲ့တာကြောင့် အုတ်တံတိုင်းဘေးကပ်ပြီး တဲထိုးနေကြသူတွေထဲက အမျိုးသားတယောက် နေရာမှာတင် သေဆုံးပြီး နောက်ထပ် အမျိုးသားတယောက်လည်း စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။
မြို့ခံတယောက်က “ကျနော်တို့မြို့မှာ ဒီနေ့မနက် မိုးက အရမ်းရွာတယ်။ မြို့ပေါ်က ရပ်ကွက်အတော်များများ ရေကြီးနေတယ်။ တခါမှ ဒီလောက်ရေကြီးတာ မကြုံခဲ့ရဘူး” လို့ DVB ကို ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပြောင်းပြာချောင်းရေ မြင့်တက်လာပြီး မြင်းခြံမြို့ပေါ်က အမှတ် ၂၊ ၃၊ ၄ ရပ်ကွက်တွေအပြင် မြင်းခြံဘူတာအနီးက အမှတ် ၁၆၊ ၁၇ ရပ်ကွက်မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီခွဲဝန်းကျင်ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဖောင်တော်ဦးလမ်းပေါ်မှာ ရှိတဲ့ တိုက်အဟောင်းတလုံး အုတ်နံရံပြိုကျခဲ့ပြီး လမ်းပိတ်မှုဖြစ်ပွားခဲ့ပေမဲ့ လမ်းသွားလမ်းလာတွေ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာပြည်အထက်ပိုင်းက တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က အောက်တိုဘာ ၂၃ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။