မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ထုတ်တောရွာမှာ ယာခင်းထဲ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး ၅ ယောက်ကို ပျူစောထီးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြိုင်ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၇ ရက် မနက် ၉ နာရီဝန်းကျင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို လက်ထုပ်တောရွာနဲ့ ၄ ဖာလုံလောက်ဝေးတဲ့ ကန်နီကျေးရွာက ပျူစောထီးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ အသက် ၂၅ နှစ်နဲ့ ၅၀ အကြားအရွယ်တွေဖြစ်ပြီး သူတို့ကို ကန်နီကျေးရွာထဲ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မြိုင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “စားစရာငတ်တော့ ညဘက်ကတည်းက ပျူတွေက အပြင်ထွက်ကြရင်း မနက်ရောက်တော့ ယာခင်းထဲ ပေါင်းနှုတ်တဲ့ အမျိုးသမီးတွေကို ဆွဲခေါ်သွားတာ၊ နွား ၂ ကောင်လည်း ပါသွားတယ်။ ပါသွားတဲ့သူတွေကလည်း အရွယ်ကောင်းတွေဆိုတော့ လိင်ပိုင်းဆိုင်ရာ စိုးရိမ်ရတယ်။ အခု သူတို့ပါသွားတဲ့ ဖုန်းတွေနဲ့ ပျူတွေက ရွာကိုဖုန်းဆက်ပြီး ဆန် ၁၀ အိတ်၊ ဟင်းချိုမှုန့် ၃ ပိဿာ၊ ဆား ၅ ပိဿာနဲ့ ပြန်လဲမယ်ပြောတယ်။ ဒီဘက်ကတော့ ဘာမှ မဆုံးဖြတ်ရသေးဘူး” လို့ ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက ပျူစောထီးကျေးရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်တာတွေ လုပ်ဆောင်တဲ့အတွက် ရိက္ခာပြတ်လပ်နေတယ်လို့ သိရပါတယ်။
ကန်နီပျူစောထီးကျေးရွာဟာ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဆန်းလင်း ဉီးဆောင်ကာ ငွေစက္ကူကို မိတ္တူကူးပြီး အသုံးပြုနေတဲ့ကျေးရွာ ဖြစ်ပါတယ်။