Home
မြန်မာသတင်း
ထိုင်းနိုင်ငံဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို ပြန်လွှဲပေး
DVB
·
March 22, 2024
thai 2232024

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈  ဦးကို မတ် ၂၂ ရက်က မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီဘက်ကို ထိုင်းအာဏာပိုင်တွေက ပြန်လွှဲပေးလိုက်တယ်လို့ ထိုင်းစစ်တပ်နဲ့  နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

မြို့နယ်အဆင့် ထိုင်း-မြန်မာနယ်စပ်ကော်မတီ (TBC) တာဝန်ရှိသူတွေက တဆင့်ပြန်လွှဲပေးလိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာဘက်က  ခလရ ၂၇၅ တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးဇော်ဟန်ဦးနဲ့ တာဝန်ရှိသူတွေက မြဝတီနယ်စပ် ဘဘာဝဂိတ် အမှတ် ၁၆ ကနေ ပြန်လည် ခေါ်ဆောင်သွားပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခမရ ၅၅၈ တပ်ရင်း ဒေသအခေါ် မဲ့သရောထစခန်းက တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ နီးပါး  တပ်ရင်းလိုက် စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက  နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတာပါ။

ခမရ ၅၅၈ တပ်ရင်းဟာ စကခ ၁၃  လက်အောက်ခံ တပ်ရင်းဖြစ်ပြီး သူတို့စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်သိမ်းမယ်ဆိုပြီး သတင်းရရှိခဲ့တာကြောင့်  တပ်ရင်းလိုက် ထွက်ပြေးလာတာလို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ် ၁၇ ရက်မှာ စခန်းကနေ ထွက်ခွာခဲ့ပြီး မတ် ၁၉ ရက် မနက်မှာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေးရွာကို ရောက်လာလို့ ထိုင်းစစ်တပ်တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မတ်လ ၂၁ ရက်မနက်ကလည်း  ကြာအင်းဆိပ်ကြီးမြို့နယ်ရေတလျောက်စခန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်  ၇၀ ကျော်    ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်လာပြီး  တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေးရွာကို ရောက်လာလို့ ထိုင်းစစ်တပ်တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013