ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-တောင်ကြီးသွားလမ်းပေါ် သာမိုင်းခမ်းတံတားအကျော် နီလာရိုးမ စက်သုံးဆီဆိုင်ရှေ့မှာ ယာဉ်နှစ်စီးတိုက်မိပြီး တဦးသေဆုံးကာ တဦး ပြင်းထန်စွာ ဒဏ်ရာရတယ်လို့ မြို့ခံတဦးထံက သိရပါတယ်။
မတ် ၂၁ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပြီး ခြောက်ဘီးယဉ်နဲ့ လိုက်ထရပ်ယာဉ် တိုက်မိတာ ဖြစ်တယ်လို့ ပြောပါတယ်။
မျက်မြင်တဦးက “ဘယ်လိုဖြစ်ပြီး တိုက်မိတာလဲတော့ မသိဘူး။ အသံအကျယ်ကြီးကြားလို့ ထွက်ကြည့်တော့ လူက ဝိုင်းကြည့်နေကြပြီ။ လိုက်ထရပ်ယာဉ်ပေါ်ပါသူ တဦးတော့ ပွဲချင်းပြီးသေတယ်။ တဦးတော့ ပြင်းထန်စွာဒဏ်ရာရတယ်။ အဲလိုမြင်နေရတော့ စိတ်လည်းမကောင်းဘူး” လို့ ပြောပါတယ်။
သေဆုံးတဲ့သူဟာ အေးသာယာမြို့ခံဖြစ်ပြီး ရုပ်အလောင်းနဲ့ ဒဏ်ရာရသူကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်သယ်ယူ ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်ကလည်း ရှမ်းတောင် ရွာငံ-မြို့ကြီးရွာကြား လမ်းပေါ်တနေရာမှာ အိမ်စီးကားတစီး တိမ်းမှောက်ပြီး ခြောက်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ရှမ်းတောင်မှာ မတ်လထဲ ရက်ပေါင်း ၂၁ ရက်အတွင်း ကား၊ ဆိုင်ကယ် မတော်တဆ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိပြီလို့ ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။