Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အရေပြားကျန်းမာရေးဆိုင်ရာတိုးတက်ရေး ယူကေကုမ္ပဏီ ပူးပေါင်း လုပ်ဆောင်မည်
DVB
·
March 22, 2024
medi 2232024

အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်အခြေစိုက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတခုဖြစ်တဲ့ Consultant Connect ဟာ မြန်မာနိုင်ငံက အရေပြားကျန်းမာရေးဆိုင်ရာအဖွဲ့ဖြစ်တဲ့ Burma Skincare Initiative နဲ့ လုပ်ငန်းတွေပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ကြောင်း ယူကေအခြေစိုက် Oxford Mail သတင်းမှာ ဖော်ပြပါတယ်။

Consultant Connect ကုမ္ပဏီဟာ မြန်မာနိုင်ငံက အရေပြားဆရာဝန်တွေကို ယူကေအခြေစိုက် အရေပြားအထူးကုဆရာဝန်တွေနဲ့ ချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ နည်းပညာကို အသုံးချပြီး မြန်မာနိုင်ငံက အရေပြားကုဆရာဝန်တွေဟာ ယူကေအခြေစိုက် အရေပြားအထူးကုတွေနဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေကို မျှဝေနိုင်မှာဖြစ်ပါတယ်။

အဲဒီဝန်ဆောင်မှုကြောင့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုနဲ့ အလှမ်းဝေးတဲ့ မြန်မာနိုင်ငံက လူ့အဖွဲ့အစည်းတွေအတွက် အရေပြားကျန်းမာရေး စောင့်ရှောက်မှုတွေကို အရည်အသွေးရော အရေအတွက်ပါ တိုးမြှင့်ပေးနိုင်မယ်လို့ ဆိုပါတယ်။

နိုင်ငံလူဦးရေ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ အရေပြားအထူးကု ဆရာဝန်အရေအတွက်ဟာ အယောက် ၁၀၀ ပြည့်အောင် ရှိမနေပါဘူး။

Consultant Connect ရဲ့ စီအီးအို ဂျိုနသန်ပတ်ထရစ်က “မြန်မာနိုင်ငံမှာ အရေပြားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ အလွယ်တကူရရှိနိုင်ဖို့ ဆောင်ရွက်နေတဲ့ Burma Skincare Initiative ရဲ့လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးခွင့်ရတဲ့အတွက်ကျနော်တို့ အရမ်းဝမ်းသာမိပါတယ်” လို့ သတင်းမှာ ပြောပါတယ်။

“ဝေဒနာရှင်ရဲ့  ကုသမှုရလဒ်တိုးတက်လာရေးအတွက် အထူးကုတွေရဲ့ ကုသမှုကို ခံယူခွင့်ရတာဟာ အလွန်အရေးပါပါတယ်။ ဝေဒနာရှင်တွေအပေါ် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်မှာဖြစ်သလို ကျနော်တို့ရဲ့ app ကနေတဆင့် စုဆောင်းပြုစုလို့ရမယ့် အချက်အလက်တွေကလည်း Burma Skincare Initiative အဖွဲ့အတွက် သက်ဆိုင်ရာ ရောဂါ အခြေအနေအလိုက် ပြုစုကုသမှုဆိုင်ရာ လေ့ကျင့်သင်ကြားရေးတွေမှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။” လို့ ဂျိုနသန်ပတ်ထရစ်က ပြောပါတယ်။

Burma Skincare Initiative မှ ခရစ္စဂရစ်ဖစ်က “Consultant Connect နဲ့ ကျနော်တို့ အခုလိုပူးပေါင်းဆောင်ရွက်နိုင်တာဟာ မြန်မာနိုင်ငံရဲ့ အရေပြားရောဂါ စီမံခန့်ခွဲရေးမှာ ကြီးမား တဲ့ အပြောင်းအလဲတခုပဲဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်နိုင်တာကြောင့် အရေပြားရောဂါ ဝေဒနာရှင်တွေရဲ့ အခြေအနေကို မြန်မာနိုင်ငံက အရေပြားရောဂါကု ဆရာဝန်တွေနဲ့ ယူကေက အရေပြားအထူးကုတွေကြား မြန်မြန်ဆန်ဆန်ဆက်သွယ်ဆွေးနွေးပြီး ကုသရေးအစီအစဉ်ကိုလည်း အမြန် ချမှတ်နိုင်ပြီဖြစ်တယ်” လို့ ပြောပါတယ်။

ဒီဝန်ဆောင်မှုကို မြန်မာနိုင်ငံအတွင်းက Medical Action Myanmar နဲ့ The Leprosy Mission Myanmar အပါအဝင် ပရဟိတအဖွဲ့အစည်းတွေလည်း ရရှိနိုင်အောင်စီစဉ်ထားတယ်လို့ သိရပါတယ်။

Source: Oxford Mail 

Photo Credit-Burma Skincare Initiative

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013