Home
မြန်မာသတင်း
ခရမ်းမြို့တွင် စစ်မှုထမ်းကိစ္စ အုပ်ချုပ်ရေးအဖွဲ့က နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံ
DVB
·
March 21, 2024
KHAYAN_21032024

ရန်ကုန်တိုင်း ခရမ်းမြို့က ရပ်ကွက်နဲ့ကျေးရွာအချို့မှာ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့က နည်းလမ်းမျိုးစုံနဲ့ ငွေကြေးကောက်ခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ခရမ်းမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ၁ ရပ်ကွက်မှ ၁၂ ရပ်ကွက်အထိ စစ်မှုမထမ်းချင်တဲ့သူတွေကို အုပ်ချုပ်ရေးအဖွဲ့က ငွေကြေးသိန်းချီယူကာ အလှည့်ကျော်ပေးတယ်လို့ ၄ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"အချို့က လူရှိလျက်သားနဲ့ မဲနှိုက်တဲ့နေ့မှာ ရှောင်ခိုင်းထားတယ်။ လုပ်ငန်းရှင်တွေက သူတို့သားသမီးတွေကို အဲ့ဒီအတွက် သုံးသိန်း၊ လေးသိန်း ပေးရတဲ့သူတွေရှိတယ်" လို့ ပြောပါတယ်။

ကျေးရွာတွေဖြစ်တဲ့ ကရင်စု၊ ကြာကန်၊ ကရင်ကန်၊ ကန်ညီနောင်၊ မက်ကသန်၊ ကျွဲတလင်းနဲ့ ပျဥ်းမကုန်းကျေးရွာတို့မှာ အုပ်ချုပ်ရေးမှူးတွေက ကျေးရွာနေသူတွေကို ဆင့်ခေါ်ကာ စစ်မှုထမ်းအငှားချထားဖို့ တအိမ် သုံးသောင်းကောက်တယ်လို့ ဝန်လေးဝကျေးရွာနေသူတဦးက ပြောပါတယ်။

"စစ်မှုမထမ်းချင်ရင်ရတယ်၊ တအိမ်ကို သုံးသောင်းပေးရမယ်၊ အုပ်ချုပ်ရေးက လူငှားပေးမယ်ပြောတယ်။ ရွာတော်တော်များများ ကောက်နေတာပါ၊ အမြဲတမ်းပေးရမလား မသိဘူး။"

စစ်မှုထမ်းမဲပေါက်ပြီးတဲ့ ရွာတွေမှာတော့ အုပ်ချုပ်ရေးအဖွဲ့က မဲပေါက်သူတွေကို ထောက်ပံ့ပေးဖို့ တအိမ်ကို ငွေကျပ်နှစ်သောင်းကောက်တယ်လို့ သပြေပင်ကျေးရွာနေသူတဦးက ပြောပါတယ်။

"ရွာမှာ အိမ်ခြေ လေးရာကျော် ငါးရာလောက်ရှိတာ၊ လတိုင်း အဲ့လိုထောက်ပံ့နေရရင်တော့ အဆင်မပြေဘူး။ အဲ့လိုထည့်နေတော့လည်း စစ်မှုမထမ်းရမှာမဟုတ်တာ အိမ်တိုင်းကောက်တာပါ။" 

ခရမ်မြို့ဟာ မြို့ပေါ်ရပ်ကွက် ၁၃ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၅၆ ရွာနဲ့ ဖွဲ့စည်းထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က မဖြစ်မနေ စစ်မှုမထမ်း မနေရဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအသီးသီးက ပုံစံအမျိုးမျိုး နဲ့ ကန့်ကွက်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013