စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း ပျဉ်းခုံကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံအမျိုးသားသုံးဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၀ ရက် မနက် ၇ နာရီလောက်က ကလေးမြို့ အမြောက်တပ်ကနေ ပျဉ်းခုံလေးရွာ တိုက်ပွဲဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်စဉ် ပျဉ်းခုံကြီးကျေးရွာထဲကို လက်နက်ကြီး ကျရောက်ခဲ့တာပါ။
စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ချင်းတိုင်းရင်းသားတွေဖြစ်ကြတဲ့ အသက် ၅၇ နှစ်အရွယ် ဦးသျှန်းနိတ်ထန်း နဲ့ ဦးကောလ်သင်ခမ်၊ အသက် ၃၃ နှစ်အရွယ် ဦးဇာဆန်မှုန်တို့ သုံးဦး သေဆုံးခဲ့တာပါ။
သေဆုံးသူတွေဟာ ခြေထောက်၊ လက်၊ ဦးခေါင်း စတဲ့ နေရာတွေမှာ ဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ခုနှစ်ယောက်ရှိတယ်လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
ပျဉ်းခုံကြီးကျေးရွာဟာ ကလေးမြို့ အနောက်မြောက်ပိုင်း ဒိုးဝိုင်းချောင်း-လက်ပံချောင်း လမ်းမပေါ်မှာ တည်ရှိပြီး ကလေးမြို့နဲ့ ၁၀ မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။
အဲ့ဒီလက်နက်ကြီးပစ်ခတ်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မတ် ၁၆ ရက်ကလည်း စစ်တပ်လက်နက်ကြီးကြောင့် ပျဉ်းခုံလေးကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် ချင်းတိုင်းရင်းသူ ဒေသခံ အမျိုးသမီးသုံးဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။