ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာ စစ်ကောင်စီဘက်က တောင်းခံလာတဲ့ စစ်မှုထမ်းဖို့ လူစာရင်း မပေးနိုင်တာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခုရက်ပိုင်းအတွင်း နုတ်ထွက်မှုတွေ များလာကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်ကောင်စီအနေနဲ့ မာန်အောင်မြို့နယ်ထဲက စစ်မှုထမ်းလူစာရင်းကို မတ် ၁၆ ရက် အပြီးသတ် ကောက်ခံပေးဖို့ မာန်အောင်မြို့နယ် စီမံဗိုလ်မှူးက ဖိအားပေးထားကြောင်းနဲ့ အဲဒီတာဝန်ကို ဆက်လက်မထမ်းဆောင်ချင်တော့တာကြောင့် နုတ်ထွက်စာတင်ရခြင်း ဖြစ်တယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
“သံတွဲက ရပ်ကျေးရပ်အုပ်ချုပ်ရေးမှူးတွေက ၁၈ ရက်နေ့က နုတ်ထွက်ကြတယ်ကြားလို့ ကျနော်တို့ မာန်အောင်ဘက်ကလည်း အဲဒီနောက်ပိုင်း နုတ်ထွက်စာ တင်ခဲ့ကြတာ။ မနက်ကအထိ အားလုံး ၁၈ ဦး လက်မှတ်ထိုးပြီး နုတ်ထွက်စာတင်ထားပါတယ်။”
မာန်အောင်မြို့နယ်အတွင်းမှာ မြို့ပေါ်ရပ်ကွက် ငါးခုနဲ့ ကျေးရွာအုပ်စု ၃၆ အုပ်စုရှိကာ ရပ်ကျေးအုပ်စုတခုကို စစ်မှုထမ်းဖို့ လူခုနှစ်ဦးစီ ကောက်ခံပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရပါတယ်။
စစ်ကောင်စီအနေနဲ့ တောင်ကုတ်၊ မာန်အောင်၊ ဂွနဲ့ သံတွဲမြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်း ခေါ်ဆောင်မှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် လူငယ်နဲ့ လူလတ်ပိုင်း အရွယ်တွေအကြား စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကလည်း စစ်မှုထမ်းဥပဒေ ဖိအားကြောင့် သံတွဲမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စုပြီး နုတ်ထွက်စာတင်ခဲ့ကြကြောင်း သိရပါတယ်။