Home
မြန်မာသတင်း
စစ်တပ်ထောက်ခံသူ ဦးကျော်စိုးဦးကို စစ်တပ်က ​ပြန်ဖမ်းပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်
DVB
·
March 22, 2024
kyaw 2232024

စစ်တပ်လော်ဘီတဦးအဖြစ်လူသိများတဲ့ People မီဒီယာအယ်ဒီတာချုပ် ဦးကျော်စိုးဦးကို စစ်တပ်က ပြန်ဖမ်းပြီး စစ်ကြောရေးလုပ်ကာ ဇမ္ဗူသီရိမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅ (က)နဲ့ ကနဦးအမှုဖွင့်ပြီး ထပ်မံစစ်နေတယ်လို့ တပ်ထောက်ခံသူတွေဆီက သိရပါတယ်။

People မီဒီယာအယ်ဒီတာချုပ်ကို ပြည်ထဲရေးကို ဝေဖန်မှုနဲ့ ပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ် တိုးရီက ဖမ်းဆီးခိုင်းခဲ့တာလို့  တပ်ထောက်ခံသူတဦးက ပြောပါတယ်။

"၁၈ ရက်ညက သူအိမ်မှာလာခေါ်သွားတာ။ သူ့မိန်းမကလည်း တပ်ကဆိုတော့ ထည့်လိုက်တယ်။ ၁၉ ရက်နေ့ မနက်အထိ ပြန်မလာဘူး။ ဖုံးထားတာ ပြောရရင်ကြိတ်ပြီးဖြေရှင်းနေတာ။ စစ်ကြောရေးကစစ်ပြီး ဇမ္ဗူသီရိမှာအမှုဖွင့် လော်ဘီမီဒီယာအချင်းအချင်းလည်း မတည့်တော့ အရောက်ပို့တာ။”

ကချင်ပြည်နယ်မှာ မတ် ၈ ရက် ဆွမ်ပရာဘွမ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ရဲအုပ်နေလင်းဟိန်းရဲ့ အင်းစိန်မြို့မှာရှိနေတဲ့ နာရေးအိမ်ကို ရဲအရာရှိတွေ လာရောက်ခြင်းမရှိတဲ့အတွက် ပြောဆိုခဲ့ရာမှာ ဖမ်းဆီးခဲ့တာလို့ ရဲအရာရှိနဲ့ နီးစပ်သူက ပြောပါတယ်။

"တကယ်တော့ ရဲတွေ သေတာများပြီး လူမသိသူမသိ ရက်လည်ဆွမ်းသွပ်လုပ်ရတာများတယ်။ ဒါကို ပြည်ထဲရေးက ဖုံးထားတယ်လို့ ထုတ်ပြောလို့ဖမ်းတာ။”

မတ် ၈ ရက်ဖြစ်ခဲ့တဲ့ ဆွမ်ပရာဘွမ်တိုက်ပွဲမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ အခြားအဆင့်  သုံးဦး KIA ၊ PDF နဲ့ သွားရောက်ပူးပေါင်းခဲ့ပြီး ရဲအုပ်နေလင်းဟိန်းနဲ့ အခြားအဆင့် သုံးဦးကတော့  စစ်ကြောင်းနဲ့ပူးပေါင်းတိုက်ခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မတ်လ ၁၈ ရက်ညမှာ People Media အယ်ဒီတာချုပ်ဦးကျော်စိုးဦးကို ဖမ်းဆီးခဲ့ပြီး ၂၀ ရက်နေ့ညမှာ ပုဒ်မ ၅၀၅ (က) နဲ့ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ အမှုလာဖွင့်ခဲ့ကာ ထပ်မံစစ်ဆေးဖို့ ပြောဆိုခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"သူရဲ့ တယ်လီဂရမ်ပဲ စစ်တပ်က စစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ လာဖွင့်တာ ဖေ့စ်ဘွတ်ခ်၊ တစ်တော့ တခြားအကောင့်တွေ စစ်ဖို့ကျန်သေးတယ်။  ရဲကထပ်စစ်ရင် အခြားအမှုနဲ့ထပ်ဖွင့်နိုင်တယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်လော်ဘီတဦးဖြစ်တဲ့တောင်ဒဂုံက  မျိုးဝင်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ်ချခဲ့သလို ပဲခူးက ရာဇာကိုလည်းဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ချခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကလည်း စစ်တပ်သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းမှားခဲ့လို့ NHP News သတင်းထောက် ဦးဝင်းဦးနဲ့၊ ဒဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။

လတ်တလောမှာ ကျော်စိုးဦး ဖမ်းဆီးခံရပြီးနောက် နေပြည်တော်ရှိ စစ်တပ်လော်ဘီ သတင်းဌာနကလူတွေ ကြောက်လန့်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013