Home
မြန်မာသတင်း
ကျောက်တော်တွင် စစ်ကျန်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး သေဆုံး
DVB
·
December 9, 2024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာအနီးမှာ ဒီဇင်ဘာ ၆ ရက်က စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကို နင်းမိပြီး အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာသား ၂ ယောက်ဟာ ကျေးရွာနားက အရင် စစ်ကောင်စီတပ်ရင်း ခမရ ၅၃၉ ချခဲ့တဲ့အနီး တောင်မှာ ထင်းသွားခုတ်ကြရင်း ကိုအောင်ပိုင်စိုး ဆိုသူဟာ စစ်ကျန်မြေမြှုပ်မိုင်းကို နင်းမိခဲ့တာလို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကိုအောင်ပိုင်စိုးဟာ မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ညာဘက်ခြေထောက် ပြတ်တောက်သွားခဲ့ပြီး ဆေးကုသဖို့ ဆေးရုံအပို့မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျောက်တော်မြို့နယ်က အမျိုးသားတယောက်က ပြောပါတယ်။

“အရင် စစ်ကောင်တပ် တပ်ရင်းချခဲ့တဲ့ ခမရ ၅၃၉ တပ်ရင်းအနီးကို ထင်းခုတ်သွားကြတာမှာ မိုင်းနင်းမိတာ။ ကိုအောင်ပိုင်စိုး ဆိုသူမှာ ညာဘက်ခြေ ပြတ်တောက်သွားတယ်။ ဆေးရုံကို ပို့ကြတာမှာ လမ်းမှာသေဆုံးသွားတာ။ အရင်စစ်ကောင်စီနေခဲ့တုန်းက ထောင်ထားခဲ့တဲ့မိုင်းကို နင်းမိတာ။”

ခမရ ၅၃၉ တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကတည်းက အာရက္ခတပ်တော်က သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီနားမှာ အရင်ကလည်း ​စစ်ကျန်မြေမြှုပ်မိုင်းတွေ နင်းမိလို့ ကျွဲ၊ နွားတွေလည်း မကြာခဏ သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်တိုက်ပွဲအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အပါအဝင် လေကြောင်း၊ လက်နက်ကြီး တို့ကြောင့် မသန်စွမ်းသူဦးရေ ၇၂၀ ကျော်အထိ ရှိလာနေတယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့ရဲ့  စာရင်းအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013