ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာက အမျိုးသားတယောက် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်သွားကြောင်း ဒေသခံတွေထံက စုံစမ်းသိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၆ ရက် မနက် ၁ နာရီဝန်းကျင်က အသက် ၄၇ နှစ်အရွယ် ကိုကျော်စွာ ဆိုသူဟာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“ညဘက် ရွာထဲတွေ ပေါ်တာတွေဝင်ဝင်ဆွဲတော့ မအိပ်ရဲတာနဲ့ ရှောင်အိပ်နေတာ။ အဲဒါ ညဉ့်နက်တော့ ပြန်လာတဲ့အချိန် ရွာထိပ်မှာ နင်းမိသွားတာ၊ ညာဘက်ခြေထောက် ထိသွားတာ၊ အခု သာယာဝတီဆေးရုံမှာပါ။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က လက်ပံတန်းမြို့နယ်အရှေ့ဘက်၊ မှော်အင်းတိုက်နယ်ရှိ သာယာကုန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာနိုင်တဲ့ လမ်းတွေကို ကြောက်လန့်ပြီး မြေမြှုပ်မိုင်းများ ထောင်ထားခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့နယ်အခြေစိုက် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ကိုကိုအောင်က ပြောပါတယ်။
“ထန်းပင်ချောင်ကသွားရင် လက်ပံတန်းမြို့ထိပ် ကွမ်းခြံကုန်းစစ်ဆေးရေးဂိတ် ရှိတယ်။ အဲဒါ သူတို့လာတိုက်မှာဆိုပြီး မိုင်းတွေထောင်ထားတာ။ ပြည်သူတွေ သွားရဲလာရဲမှာ မဟုတ်တော့ဘူး။ လယ်ထဲ ကိုင်းထဲ သွားလာရတာက အစ ခက်ခဲမှုတွေဖြစ်ကုန်မှာ။”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း ထန်းပင်ချောင်းကျေးရွာက အမျိုးသားတယောက် မြေမြှုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။