ယူကရိန်းနိုင်ငံ ဇာပိုရစ်ချ်ဇီးယားဒေသကို ဒီဇင်ဘာ ၆ ရက်က ရုရှားတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးပြီး ကလေး ၂ ယောက် အပါအဝင် လူ အယောက် ၂၀ လောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ကားပြုပြင်ရေးဝန်ဆောင်မှုလုပ်ငန်းတခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့သေးတယ် လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"ကားပြင်ဆိုင်ကို ထိမှန်ပြီး ကား ၅ စီး ပျက်စီးသွားပြီးတော့ ကားတွေထဲမှာ လူတွေရဲ့ ရုပ်အလောင်းတွေ ပါနေတယ်" လို့ ဇာပိုရစ်ချ်ဇီးယားဒေသရှိ ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့မှ ရဲချုပ် အာရ်တမ် ကစ်စ်ကိုက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အအုံ တခုမှ မီးတောက်တွေ ထူထပ်သိပ်သည်းစွာ ထိုးတက်လာပြီး မီးလောင်နေတဲ့ ကားတွေ ထဲမှာလည်း အလောင်းတွေ ပါရှိနေတာကို ပြသခဲ့ပါတယ်။
“ဒီနေရာတဝိုက်မှာ မီးတောက်တွေ ပြန့်ကျဲနေတုန်းဖြစ်ပြီး လူတွေကိုလည်း ဘီးတပ်ထမ်းစင်တွေနဲ့ သယ်သွားကြတယ်”လို့ မျက်မြင်သက်သေ မာရီယာက ပြောပါတယ်။
သူတို့ကို ဖုံးထားအုပ်ထားတာကြောင့် သေသွားတဲ့သူတွေ ဖြစ်နိုင်ပြီး သူတို့ရဲ့မျက်နှာတွေက ထက်ဝက်လောက် ပျောက်နေတာကြောင့် မကြည့်မိဖို့ ကြိုးစားနေရတယ်လို့ သူက ဆိုပါတယ်။
သီးခြားဖြစ်ရပ်တခုမှာလည်း နိုင်ငံအရှေ့တောင်ပိုင်းရှိ ကရီဗီရီးမြို့ရှိ အုပ်ချုပ်ရေး အဆောက်အအုံ တခုကို ဒုံးကျည် တစင်းမှ ထိမှန်ခဲ့ပြီး လူ ၂ ယောက် သေဆုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက တယ်လီဂရမ်မှာ ပြောထားပါတယ်။
လူတယောက် ပျောက်ဆုံးနေတာကိုလည်း ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေ နေကြောင်း လည်း ဆိုပါတယ်။
Source-Reuters