ရုရှားဒရုန်းတွေဟာ ယူကရိန်းနိုင်ငံအနောက်ပိုင်း တဲရ်နောပီးလ်နဲ့ အရိနေး ဒေသတွေရှိ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်က ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် တဲရ်နောပီးလ်မြို့ရဲ့ တစိတ်တပိုင်းမှာ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပြီး ဒါဟာ မြို့နဲ့အနီးတဝိုက်ရှိ ဒေသအများအပြားကို လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတဲ့ မော်စကိုရဲ့ တိုက်ခိုက်မှုအပြီး တပတ်အကြာမှာ ထပ်ကြုံရတာ ဖြစ်ပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နေရာမှာ ကယ်ဆယ်ရေးသမားတွေ လုပ်ကိုင်ဆောင်ရွက်နေကြပုံတွေကို ပြသထားတဲ့ ဗီဒီယိုကို တဲရ်နောပီးလ်ဒေသရှိ ယူကရိန်း နိုင်ငံတော် အရေးပေါ် ဝန်ဆောင်မှုဌာနက ထုတ်ပြန်ခဲ့ပါတယ်။
“စွမ်းအင်လုပ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖယ်ရှားပေးနေပါတယ်။ ရေတွေသိုလှောင်ပေးပြီး ဖုန်းတွေကို အားသွင်းနေပါတယ်” လို့ မြို့တော်ဝန် ဆာဟီးလ် နဒါလ်က တယ်လီဂရမ်ချန်နယ်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားဟာ နိုဝင်ဘာလမှာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ကြီးကြီးမားမား တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဆောင်းရာသီအထိ နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
Source : Reuters