Home
နိုင်ငံတကာ
သူပုန်ထိန်းချုပ်နယ်မြေများကို ရုရှားနှင့် ဆီးရီးယားလေတပ် ဗုံးကြဲ
DVB
·
December 2, 2024
Photo : THE WHITE HELMETS

ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ အလက်ပိုကို အစိုးရကိုပုန်ကန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့အပြီးမှာ ရုရှားနဲ့ ဆီးရီးယားလေတပ်ဟာ အစ်ဒ်လစ်ဘ်မြို့ အပါအဝင် အတိုက်အခံ ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်နေပါတယ်။

အခု တကျော့ပြန် အားကောင်းလာတဲ့ တော်လှန်ရေးတပ်တွေမှာ တူရကီ နောက်ခံပေးထားတဲ့ သီးသန့်လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်သလို အစ္စလာမ္မစ် စစ်သွေးကြွလို့ သတ်မှတ်ခံရတဲ့ ဟာယတ် တဟီရာ အယ်လ်ရှမ် (HTS) က အားအကောင်းဆုံးတပ်ဖွဲ့ ဖြစ်နေပါတယ်။

HTS ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်၊ ရုရှား၊ တူရကီနဲ့ တချို့နိုင်ငံတွေက သတ်မှတ်ထားပါတယ်။

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား အနည်းဆုံး ၇ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ဒေသဟာ တော်လှန်ရေးတပ်တွေ ခြေကုပ်ယူရာ အကြီးဆုံးမြို့ဖြစ်တဲ့ အစ်ဒ်လစ်ဘ်မြို့က လူနေထူထပ်တဲ့နေရာဖြစ်ပြီး လူပေါင်း ၄ သန်းခန့် ခိုလှုံနေထိုင်နေရတဲ့ နေရာဖြစ်ပါတယ်။

သမ္မတ ဘာရှား အယ်လ် အာဆတ်က အတိုက်အခံတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းသွားမယ်လို့ ကြေညာထားပါတယ်။

အထူးသဖြင့် အလက်ပိုမြို့ထဲ ဝင်ရောက်လာတဲ့ သူပုန်တွေကို အပြတ်နှိမ်နင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒုတိယအကြီးဆုံးမြို့ အလက်ပိုကို တော်လှန်ရေးတပ်တွေက သောကြာညမှာ စတင် ဝင်ရောက်စီးနင်းပြီး အစိုးရတပ်တွေကို နှင်ထုတ်နိုင်ခဲ့ပါတယ်။

ဒါဟာ ရုရှားနောက်ခံနဲ့ အသက်ဆက်နေတဲ့ အာဆတ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတရပ် ဖြစ်လာပါတယ်။

မြို့နေပြည်သူတွေကတော့ အိမ်တွင်းမှာပဲ ပုန်းအောင်းနေကြရပြီး အများအပြားကလည်း မြို့ကနေ ထွက်ခွာသွားကြပါတယ်။ ဆိုင်တွေလည်း ပိတ်ထားရပြီး လမ်းတွေပေါ်မှာ လူသွားလူလာ ရှားပါးနေပါတယ်။

အာဆတ် စစ်တပ်ဘက်ကနေ တန်ပြန်တိုက်ခိုက်မှုတွေ စတင်နေပြီလို့ သိရပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်း ဆုံးရှုံးထားတဲ့ နယ်မြေအချို့ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ အစိုးရဘက်က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးတပ်တွေဟာ အလက်ပိုမြို့ တောင်ဘက်ကို ထပ်မံချဲ့ထွင်နိုင်ခဲ့ပြီး ခန်စီးမြို့နဲ့ ရှိခ်နာဂျာ စက်မှုဇုန်ကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ လူသောင်းချီ သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ရုရှားနဲ့ အီရန်တို့ရဲ့ အကူအညီကြောင့် အာဆတ်အစိုးရဟာ နိုင်ငံရဲ့ နယ်မြေအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အခုတော့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013