မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘယ်လို ဆော့ဖှ်တို့ နိုဝင်ဘာ ၂၉ ရက်က ပြုံယမ်းမှာ တွေ့ဆုံခဲ့ကြပြီး ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၃၀ ရက်မှာ ရုပ်ငြိမ်ဓာတ်ပုံတွေနဲ့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အစည်းအဝေးအတွင်းမှာ ယူကရိန်းရဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုမှုဟာ အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှုရဲ့ရလဒ်ဖြစ်ပြီး မော်စကိုဟာ မိမိကိုယ်မိမိ ခုခံ ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ကင်မ်ဂျုံအန်းက ရုရှားကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ ဇွန်လတုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တဲ့ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအောက်မှာ စစ်ဖက်ရေးရာ အပါအဝင် နယ်ပယ် အားလုံးမှာ ရုရှားနဲ့ ဆက်ဆံရေး တိုးချဲ့သွားမယ်လို့ ကတိပြုခဲ့ကြောင်းလည်း KCNA သတင်းမှာ ဖတ်ကြားသွားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘယ်လိုဆော့ဖှ်ကလည်း အခုနှစ် ဇွန်လက ပြုံယမ်းမှာ ရုရှားဖက်ဒရေးရှင်း သမ္မတ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်နဲ့ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအန်းတို့အကြား သမိုင်းဝင် တွေ့ဆုံမှု ရလဒ်တွေဟာ အပြန်အလှန် ယုံကြည်မှု အမြင့်မားဆုံးဖြစ်ကြောင်း ပြသခဲ့ပြီး ခက်ခဲတဲ့ နိုင်ငံတကာအခြေအနေမှာ ၂ နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ထပ်ပြီး ချဲ့ထွင်ဖို့ အပြန်အလှန် ဆန္ဒရှိကြပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဟာ ရုရှားတပ်တွေက ယူကရိန်းစစ်သားတွေကို မောင်းထုတ်ဖို့ ကြိုးစားနေတဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့တယ် လို့ စွပ်စွဲထားပြီး မော်စကိုက အဲဒီပြောဆိုချက်ကို အတည်မပြုသလို ငြင်းဆိုခြင်းလည်း မရှိပါဘူး။
ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘယ်လိုဆော့ဖှ်ကတော့ ၂ နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးလာတယ်လို့ နိုဝင်ဘာ ၂၉ ရက်က သူ့ရဲ့ မြောက်ကိုရီးယား ခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုနှစ်အစောပိုင်းက ရုရှားနဲ့ မြောက်ကိုရီးယားတို့ ချုပ်ဆိုခဲ့တဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် သဘောတူစာချုပ်ဟာ အရှေ့မြောက်အာရှဒေသမှာ စစ်ပွဲအန္တရာယ်တွေကို လျှော့ချဖို့နဲ့ ဒေသတွင်း အာဏာချိန်ခွင်လျှာကို ထိန်းသိမ်းဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီး အန်ဒရေး ဘယ်လိုဆော့ဖှ်က မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုဂွမ်ချောလ်ကို ပြောဆိုခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၉ ရက် ဆွေးနွေးပွဲဟာ မော်စကိုနဲ့ ပြုံယမ်းကြား စစ်ရေးနယ်ပယ်မှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ်လို့လည်း ဘယ်လိုဆော့ဖှ်က ပြောကြားခဲ့ပါတယ်။
ဘယ်လိုဆော့ဖှ်ဟာ မြောက်ကိုရီးယားရဲ့ စစ်ရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း ရုရှားသတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။
Source-Reuters