ရုရှား ဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတောင်ပိုင်း မိုင်ကိုလေ့ဗ်ဒေသမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်သွားတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး ဗစ်တာလီ ကင်မ်က နိုဝင်ဘာ ၂၈ ရက်မှာ တယ်လီဂရမ်အက်ပ်ကတဆင့် ပြောကြားခဲ့ပါတယ်။
အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ကိုယ်ပိုင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရတာကြောင့် မိုင်ကိုလေ့ဗ်ဒေသမှာ မီးစက်သံတညံညံ ကြားနေရပြီး တချို့ လျှပ်စစ်မီးမရတဲ့ဆိုင်တွေလည်း ကျန်ရှိနေပါတယ်။
အခုလအတွင်း ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံကို သူ့ရဲ့ ဒုတိယမြောက် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ အနောက်ပိုင်း၊ တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့က လူ ၁ သန်းကျော်ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ရုရှားပိုင်နက်ကို ယူကရိန်းက အမေရိကန်ရဲ့ တာလတ်ပစ် ATACMS ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာကို တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။
နိုင်ငံတဝန်းရှိ ဒေသ ၉ ခုမှာ အခြေခံအဆောက်အအုံတွေ ပျက်စီးမှုတွေကို မှတ်တမ်းတင်ခဲ့ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းနိုင်ငံတဝန်းမှာ အပူချိန်က ရေခဲမှတ် သုညဒီဂရီကို ရောက်နေတာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ဆောင်းရာသီအတွင်း ကာလကြာရှည် ဓာတ်အားပြတ်တောက်နေမှာကို စိုးရိမ်နေကြပါတယ်။
ယူကရိန်းအာဏာပိုင်တွေကတော့ ဒါဟာ မတ်လနောက်ပိုင်း စွမ်းအင်စနစ်အပေါ် ၁၁ ကြိမ်မြောက် အဓိကတိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရုရှားဟာ စစ်ပွဲအတွင်း ယူကရိန်းရဲ့ စွမ်းအင်လည်ပတ်နိုင်မှုကို ထက်ဝက်လောက် ဆုံးရှုံးအောင် အလဲထိုးခဲ့တာကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်ကို ပျက်စီးစေပြီး အာဏာပိုင်တွေဟာ မဖြစ်မနေ မီးဖြတ်တောက်မှုတွေကို အချိန်အတော်ကြာ လုပ်ခဲ့ရပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကတော့ ရုရှားရဲ့ ဒီလုပ်ရပ်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းအားထုတ်နေမှုတွေကို ပူတင်က တားဆီးချင်နေတာလို့ ဝေဖန်လိုက်ပြီး ရုရှားဟာ ခရုဇ်ဒုံးကျည်တွေ၊ ခဲယမ်းတွေ အစုလိုက်အပြုံလိုက် သုံးပြီးတော့ စက်ဆုပ်စရာ ယုတ်မာမှုတွေကို တိုးတိုးပြီး လုပ်ဆောင်လာနေတယ်လို့လည်း ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းအပေါ် ရုရှားရဲ့ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုဟာ ဒေါသထွက်စရာဖြစ်ပြီး ယူကရိန်းပြည်သူတွေကို ထောက်ပံ့ကူညီဖို့က အရေးတကြီးဖြစ်ပြီး အရေးပါတဲ့ သတိပေးချက်လည်း ဖြစ်တယ်လို့ နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ရုရှားဟာ ယူကရိန်းပြည်သူတွေရဲ့ ရဲစွမ်းသတ္တိ၊ ခံနိုင်ရည်နဲ့ စိတ်ဓာတ်ခိုင်မာမှုကို လျှော့တွက်နေပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံပေါင်း ၅၀ ကျော်တို့က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ယူကရိန်းကို ထောက်ခံပြီး ရပ်တည်နေပါတယ်” လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဘိုင်ဒင်က ပြောကြားထားပါတယ်။
Source : Reuters