ယူကရိန်းဟာ အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေနဲ့ ၃ ရက်အတွင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ပြောကြားလိုက်ပြီး ဒီလို တိုက်ခိုက်ခံရမှုတွေကို လက်တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ယူကရိန်းဟာ ATACMS ဒုံးကျည်တွေနဲ့ ရုရှားတပ်ဖွဲ့တွေရှိတဲ့ ကပ်ချ်ဒေသကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ATACMS ဒုံးကျည် ပထမအလုံးကို နိုဝင်ဘာ ၂၃ ရက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှု ၅ လုံးမှာ ၂ လုံးက ရုရှားရဲ့ S-400 လေကြောင်းကာကွယ်ရေးစနစ်ကို ထိမှန်ခဲ့ပြီး ရေဒါစနစ်ကို ပျက်စီးစေခဲ့ပါတယ်။
ဒုတိယအကြိမ် ပစ်ခတ်မှုကို နိုဝင်ဘာ ၂၅ ရက်မှာ ပြုလုပ်ပြီး ဒုံးကျည် ၈ လုံးနဲ့ ကပ်ချ်မှာရှိတဲ့ ဗိုစတိုချီလေဆိပ်ကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားလေတပ်အခြေစိုက်စခန်းကို ပစ်ခတ်မှုမှာ ဒုံးကျည်တလုံးက ပစ်မှတ်ကို ထိမှန်ခဲ့ပြီး စစ်သား ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီအခြေအနေကို ထိန်းချုပ်သွားမှာဖြစ်ကြောင်း၊ လက်တုံ့ပြန်ဖို့ကိုလည်း ပြင်ဆင်ထားကြောင်း ပြောဆိုထားပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုဟာ ကပ်ချ်ဒေသမှာရှိတဲ့ အဓိက လေကြောင်းကာကွယ်ရေးစနစ်နဲ့ လေတပ်အခြေစိုက်စခန်းတို့ကို ထိမှန်ခဲ့တယ်လို့ ရုရှားက ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။
Source : Reuters