မြောက်ကိုရီးယားဟာ ယူကရိန်းစစ်မှာ ရုရှားကို တာတိုပစ်ဒုံးကျည် ထောက်ပံ့ဖို့ စက်ရုံတွေ တိုးချဲ့နေတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေအရ အမေရိကန်လေ့လာသူတွေက သုံးသပ်ပါတယ်။
မြောက်ကိုရီးယား အရှေ့ကမ်းခြေ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဟမ်ဟောင်မြို့ရှိ ယွန်ဆောင်းစက်မှုစက်ရုံရဲ့ အခွဲဖြစ်တဲ့ ဖေဖော်ဝါရီ ၁၁ စက်ရုံရဲ့ ပုံရိပ်တွေဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဲဒီစက်ရုံဟာ ဘလစ်တစ်ဒုံးကျည်အမျိုးအစားဖြစ်တဲ့ ဟွာဆောင်-၁၁ ထုတ်လုပ်တဲ့စက်ရုံ ဖြစ်တယ်လို့ လေ့လာသူ ဆမ်လိုက်ရာက ပြောပါတယ်။
KN-23 လို့ အနောက်နိုင်ငံတွေက သိထားတဲ့ လက်နက်တွေကို စစ်ပွဲမှာ ရုရှားတွေသုံးတယ်လို့ ယူကရိန်းက ပြောထားပါတယ်။
မြောက်ကိုရီးယားရဲ့ လက်နက်တွေကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ၂ နိုင်ငံစလုံးက ငြင်းဆိုထားပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ဇွန်လက ထိပ်သီးအစည်းအဝေးမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ် ချုပ်ဆိုထားပါတယ်။ ဒါ့အပြင် ၂ နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ကတိပြုထားကြပါတယ်။
အခုတွေ့ရှိတဲ့ ကောင်းကင်ဂြိုဟ်တုပုံတွေဟာ အောက်တိုဘာလအစောပိုင်းမှာ ရိုက်ထားတာဖြစ်ပြီး အဆောက်အဦသစ် တည်ဆောက်တာတွေ၊ အိမ်အသစ် တည်ဆောက်တာတွေ တွေ့တယ်လို့ ဖော်ပြပါတယ်။
ဒါဟာ မြောက်ကိုရီးယားက လက်နက်တွေ တိုးမြှင့်ထုတ်လုပ်ဖို့ မြေအောက် အဆောက်အဦသစ်တွေ တည်ဆောက်တာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
လိုဏ်ခေါင်းအဝင်မှာ အဆောက်အဦ တည်ဆောက်ရမှာသုံးတဲ့ ကရိန်းတွေ တွေ့ရှိတယ်လို့လည်း ဆိုပါတယ်။
အဆောက်အဦအသစ်ဟာ အရင်တည်ဆောက်ထားတဲ့ ဒုံကျည်စက်ရုံအရွယ်အစားရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာရဲ့ ထုတ်ပြန်ချက်အရ ကင်မ်ဂျုံအန်းဟာ ဟမ်ဟောင်ရှိ စက်ရုံသစ်တည်ဆောက်ချိန် လမ်းလျှောက်နေပုံကို ရိုက်တာက ပြန်လည်သုံးသပ်ပြီး ဖော်ပြပါတယ်။
ရိုက်တာရဲ့ ဖော်ပြချက်မှာ KN-23 ဒုံးကျည်အတွက် အမြီးပိုင်းနဲ့ ထိပ်ဖူးတို့ကို ပြုလုပ်နေတယ်လို့ သုံးသပ်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားမီဒီယာရဲ့ ဖော်ပြတဲ့ ဗွီဒီယိုဖိုင်တွေအရ အဲဒီစက်ရုံက တင့်ကားဘီးတွေကနေ ဒုံးကျည်မော်တာအဖုံးတွေအထိ ထုတ်လုပ်တယ်လို့ လိုက်ရာက ပြောဆိုခဲ့ဖူးပါတယ်။
Source : Reuters