Home
နိုင်ငံတကာ
အထောက်အပံ့ဖြတ်မည့် ထရမ့်ပ် ဆုံးဖြတ်ချက် ယူကရိန်းအတွက် သေမိန့်ဖြစ်ဟု ရုရှားပြော
DVB
·
November 29, 2024
Photo : UNTV

ယူကရိန်းအတွက် အထောက်အပံ့လျှော့ချဖို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရရဲ့ ဘယ်ဆုံးဖြတ်ချက်မဆိုဟာ ယူကရိန်းစစ်တပ်အတွက် သေမိန့် ဖြစ်လာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုသံအမတ် ဒမစ်ထရီ ပိုလျံစကီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နိုဝင်ဘာ ၂၇ ရက်က ပြောပါတယ်။

ယူကရိန်းအစိုးရကိုလည်း မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) နဲ့ ရုရှားကြား တိုက်ရိုက်ပဋိပက္ခဖြစ်အောင် ဆွဲချဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

သက်တမ်းကုန်လို့ ထွက်သွားတော့မယ့် ဘိုင်ဒင် အစိုးရဟာ ယူကရိန်းကို ပိုတိုးပြီး ထောက်ပံ့ရင်း အိမ်ဖြူတော်အဖွဲ့သစ်ရော ရုရှားပါ အနှောင့်အယှက်ဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေတာလို့လည်း စွပ်စွဲပြောဆိုပါတယ်။

ထရမ့်ပ်နဲ့ သူ့အဖွဲ့ဟာ ယူကရိန်းအစိုးရကို ပံ့ပိုးနေတဲ့ အထောက်အပံ့တွေကို စာရင်းစစ်မယ်ဆိုတာ ပိုရှင်းလင်းလာနေတယ်၊ ယူကရိန်းကို အထောက်အပံ့ ဖြတ်မယ်ဆိုတဲ့ ဟောကိန်းတွေဟာ ယူကရိန်းစစ်တပ်အတွက် အခြေခံအားဖြင့်တော့ သေဒဏ်စီရင်ချက်ဆိုတာ ပိုရှင်းလာနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီမှတ်ချက်စကားနဲ့ ပတ်သက်ပြီး ထရမ့်ပ်ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ဆီက မှတ်ချက်တောင်းပေမဲ့ ချက်ချင်း မတုံ့ပြန်သေးပါဘူး။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အစီအစဉ် ထရမ့်ပ်ကို တင်ပြခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ကိသ် ကဲလော့ကို ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန်ခန့်ဖို့ ထရမ့်ပ်က စဉ်းစားနေတယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိတဲ့ သတင်းရင်းမြစ် ၃ ရပ်က ရိုက်တာ သတင်းဌာနကို အစောပိုင်းက ပြောခဲ့ပါတယ်။

ကဲလော့ရဲ့ အစီအစဉ်ထဲမှာ လက်ရှိနေရာတွေမှာ စစ်ပွဲတွေကို ရပ်ဆိုင်းပြီး ယူကရိန်းနဲ့ ရုရှားတို့ကို ညှိုနှိုင်းရေးစားပွဲဆီ ဖိအားပေး ခေါ်လာဖို့ပဲလို့ ရိုက်တာက ဇွန်လတုန်းက ထုတ်ပြန်ခဲ့ပြီးပါပြီ။

ရုရှားက ညှိုနှိုင်းဖို့ ထပ်ခါတလဲလဲ ကမ်းလှမ်းခဲ့ပေမဲ့ ယူကရိန်းနဲ့ အနောက်ဥရောပက ကျောထောက်နောက်ခံနိုင်ငံတွေက စစ်ပွဲ ပိုကျယ်ပြန့် ပြင်းထန်လာတာကို လိုလားနေကြတယ်လို့လည်း ရုရှား ဒုသံအမတ်က ပြောခဲ့ပါတယ်။

ရုရှနိုင်ငံအတွင်းထဲကို တာဝေးပစ်ဒုံးကျည်တွေသုံးပြီး ပစ်ခတ်ဖို့ ယူကရိန်းအစိုးရကို ဘိုင်ဒင် အစိုးရက ခွင့်ပြုလိုက်တာဟာ ကမ္ဘာကြီးကို ကမ္ဘာလုံးဆိုင်ရာ နျူးကလီးယားစစ်ပွဲ ချောက်ကမ်းပါးမှာ နေရာချလိုက်တာပဲလို့လည်း သူက ပြောခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024