အမေရိကန်နိုင်ငံထဲကို ရွှေ့ပြောင်းတွေ မဝင်စေဖို့ မက္ကဆီကိုသမ္မတ ရှိန်းဘောင်းက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဖုန်းပြောစဉ် အာမခံခဲ့ပါတယ်။
အမေရိကန်ထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်မှုတွေ ရပ်တန့်ဖို့က အချိန်ကြာဦးမယ်လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ပြောဆိုထားပါတယ်။
အမေရိကန်နဲ့ မက္ကဆီကို ခေါင်းဆောင်တွေဟာ လုံခြုံရေးဆိုင်ကိစ္စ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မက္ကဆီကိုနယ်စပ်ကနေ ဖန်တာနဲလ် ဆေးတွေနဲ့ ရွှေ့ပြောင်းတွေကို မရပ်တန့်ဘူးဆိုရင် မက္ကဆီကိုရဲ့ ကုန်သွယ်ခွန်ကို တိုးမြှင့်မယ်လို့ ထရမ့်ပ်က ကတိပြုထားတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေဟာ ထရမ့်ပ်အစိုးရ မတက်ခင် မက္ကဆီကိုတောင်ပိုင်းကို ဖြတ်ပြီး အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးစားမှုတွေလည်း ရှိနေပါတယ်။
သူတို့ဟာ ခရစ္စမတ်ကာလမတိုင်မီ အမေရိကန်နိုင်ငံအတွင်းကို ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
၂၀၂၅ ဇန်နဝါရီလမှာ ထရမ့်ပ် သမ္မတတာဝန်ကို စတင်ထမ်းဆောင်မယ့်အချိန်မှာ နယ်စပ်ဝင်ပေါက်တွေ ပိတ်ဆို့မှာ ရွှေ့ပြောင်းအခြေချသူတွေက စိုးရိမ်နေပါတယ်။
မက္ကဆီကိုဘက်ကလည်း နယ်စပ်လူဝင်မှုကြီးကြပ်ရေး ဝင်ပေါက်တွေမှာ စစ်ဆေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်မှာကိုလည်း ရွှေ့ပြောင်းအခြေချသူတွေက စိုးရိမ်နေပါတယ်။
မက္ကဆီကိုက တင်ပို့ကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ပါက အမေရိကန်တွေရဲ့ အလုပ်အကိုင် ၄၀၀,၀၀၀ ရပ်တန့်သွားမယ်လို့ မက္ကဆီကိုသမ္မတက နိုဝင်ဘာ ၂၇ ရက်မှာ သတိပေးထားပါတယ်။
ဒါ့အပြင် အခွန်တိုးမြှင့်မှုက ၂၀၂၀ ခုနှစ်က ထရမ့်ပ်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ ကုန်သွယ်မှုသဘောတူချက် USMCA ကို ဖျက်ဆီးရာရောက်ကြောင်းလည်း ဆိုပါတယ်။
Source : Reuters