ယူကရိန်းအစိုးရဟာ လာမယ့်နှစ်မှာ ကတုတ်ကျင်းတွေထဲက ခြေလျင်တပ်တွေဆီ လက်နက်နဲ့ အထောက်အပံ့တွေ လွန်းပျံပို့ဆောင်ဖို့နဲ့ ဒဏ်ရာရ စစ်သားတွေကို ဘေးကင်းရာဆီ ရွှေ့ပြောင်းဖို့ မောင်းသူမဲ့ မြေပြင်သုံး စက်ရုပ်ယာဉ်တွေ ထောင်သောင်းချီကို လိုအပ်လိမ့်မယ်လို့ အကြီးတန်းအစိုးရဝန်ကြီးတယောက်က ပြောပါတယ်။
ယူကရိန်း ဒုဝန်ကြီးချုပ် မိုင်ခေးလိုး ဖှေဒရဗ်က “အမိုးနဲ့ တံခါးမပါတဲ့ စက်တပ်ယာဉ်ဟာ ယူကရိန်းမှာရှိတဲ့ ကတုတ်ကျင်းစစ်ဆင်ရေးကို နည်းပညာက ဘယ်လို အသွင်ပြောင်းခဲ့သလဲ ဆိုတဲ့ နမူနာလည်း ဖြစ်ပါတယ်။ သူတို့ဟာ ရုရှားရဲ့ ပစ်ခတ်မှုတွေနဲ့ ဒရုန်းတွေ ပေါများတဲ့ ရှေ့တန်းစစ်မျက်နှာနားက နယ်မြေတွေမှာ စစ်ဆင်ရေးဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေကို အခွင့်အရေး ပေးလိမ့်မယ်”လို့ ပြောပါတယ်။
စက်တပ်စက်ရုပ်ကားတွေကို ယူကရိန်းတပ်တွေက ရှေ့တန်း စစ်မျက်နှာတွေမှာ စတင်အသုံးပြုနေပြီး ဩဂုတ်လကပြီး ဝင်တိုက်နေတဲ့ ရုရှားနိုင်ငံ ကာ့က်စ်ဒေသမှာလည်း သုံးနေပြီလို့ ပြောပါတယ်။
ရုရှားရဲ့ ၂၀၂၂ ကျူးကျော်မှု နောက်ပိုင်း ယူကရိန်းစစ်ပွဲဟာ ကြီးကြီးမားမား အပြောင်းအလဲ မရှိဘဲ ၃၃ လကြာခဲ့ပြီး လတ်တလောမှာ အရှိန်မြှင့်လာနေပေမဲ့ စစ်ရေးနည်းပညာအသုံးပြုမှုကတော့ အမြန် တိုးတက်လာခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ လာမယ့်နှစ်မှာ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ တိုက်ခိုက်ရေးလက်နက် ၃၀,၀၀၀ လောက်ရရှိဖို့ ရည်မှန်းထားပြီး ၂၀၂၃ ခုနှစ်ကစတင်ကာ တာဝေးပစ်မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်မှုကလည်း အဆဒါဇင်ချီပြီး တိုးလာတယ်လို့ ဖှေဒရဗ်က ပြောပါတယ်။
ယူကရိန်းဟာ AI ဉာဏ်ရည်တုသုံး ပစ်မှတ်ရှာ ဒရုန်းတွေကိုလည်း သုံးနေပြီး တခါတလေ ရုရှားထက်ပိုပြီး တိုက်ခိုက်ရေးဒရုန်းတွေကို မကြာခဏ ပစ်လွှတ်နေတယ်လို့လည်း ဒုဝန်ကြီးချုပ် ဖှေဒရဗ်က ပြောပါတယ်။
Source: Reuters