ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ ၅) မြို့သူကြီးကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ပြီး မောင်တောမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
AA က ပြီးခဲ့တဲ့ ဇွန်လကတည်းက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်လို့ ၆ လကျော်ကြာ တိုက်ခိုက်နေရတဲ့ နခခ ၅ ရဲတပ်ရင်းကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ထိုးစစ်အမြင့်ဆုံးအရှိန်နဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“နခခ ၅ ကို သိမ်းပိုက်တာက ဟုတ်တယ်။ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း ပစ်ကူပေးနေတဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာ။ အသေးစိတ်အချက်အလက်ကတော့ ပြောလို့မရဘူး။ မကြာခင် တရားဝင် ထုတ်ပြန်လာလိမ့်မယ်” လို့ပြောပါတယ်။
နခခ ၅ အထဲမှာ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွဋ် ကိုယ်တိုင်ကွပ်ကဲနေတာဖြစ်ပြီး နောက်ထပ်အရာရှိ ကြီး၊ ငယ် ၂၀ နီးပါးရှိနိုင်တယ်လို့ ပြီးခဲ့တဲ့ လတွေတုန်းက မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းပြောဆိုကြပါတယ်။
ဒါ့အပြင် နခခ ၅ ထဲမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA၊ RSO၊ ARA နဲ့ စစ်ကောင်စီသင်တန်းဆင်းတွေပါ စစ်ကောင်စီနဲ့အတူ အင်အား ၅၀၀ လောက်နဲ့ ခုခံ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
မောင်တောမြို့ကိုပါ သိမ်းပိုက်နိုင်လိုက်တာကြောင့် AA ဟာ ရခိုင်တိုက်ပွဲ ၁ နှစ်အတွင်းမှာ မြို့နယ် ၁၂ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အမ်းအခြေစိုက် နပခဌာနချုပ်၊ တောင်ကုတ်အခြေစိုက် စကခ ၅ ဌာနချုပ်၊ ဂွမြို့နယ်တို့မှာလည်း မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်နေပါတယ်။