Home
မြန်မာသတင်း
အမ်းမြို့ကို သိမ်းပိုက်ရရှိ၊ နပခ ဌာနချုပ်သာကျန် ဟု AA ကြေညာ
DVB
·
December 7, 2024

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်ထားတဲ့ အမ်းမြို့နဲ့ မြို့အနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ခဲ့ရှိသေးတဲ့ နပခဌာနချုပ်ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ်တွေ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်တွေ၊ တပ်ခွဲအသီးသီးအပါအဝင် တခြားနေရာတွေမှာ တပ်စွဲထားပြီး ခုခံနေကြတဲ့ စခန်းနေရာ ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြလို့ နပခဌာနချုပ်တခုပဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးသိမ်းပိုက်ရရှိခဲ့တဲ့ အမ်းအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကတော့ အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် ၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၉၂၆ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ လေဆိပ်အနီးနဲ့ အတွင်း ပတ်ဝန်းကျင်က ခုခံတိုက်ခိုက်နေတဲ့ စခန်းငယ်တွေလို့ ဆိုပါတယ်။

ဒါ့အပြင် အမ်းမြို့ကို စစ်ကူပေးဖို့လာတဲ့ တပ်မ ၈၈ လက်အောက်ခံ၊ ခမရ ၃၁၇၊ ခမရ ၄၁၅၊ ခမရ ၄၁၆ စုပေါင်းထားပြီး အင်အား ၁၃၀ လောက်ပါတဲ့ နည်းဗျူဟာတခုကိုလည်း နိုဝင်ဘာ ၂၈ ရက်မနက်ပိုင်းကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၀၀ ကျော်၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်း ရမိထားတယ်လို့ AA က ဆိုထားပါတယ်။

၂၀၂၄ ခုနှစ် နှစ်မကုန်ခင်မှာ အာရက္ခတပ်တော်က တခုခုကို လုပ်ပြချင်နေဟန်ရှိပြီး လက်ရှိ တိုက်ခိုက်နေတဲ့ မြို့နယ် ၄ ခုလုံးဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ အပြီးသတ်သိမ်းနိုင်ခြေရှိတယ်လို့ ရခိုင်စစ်ရေးကိုစောင့်ကြည့်နေသူတယောက်က ပြောပါတယ်။

“AA ရဲ့ ထိုးစစ်တွေက လက်ရှိအခြေအနေမှာ အရမ်းကိုအားရဖို့ကောင်းတယ်။ စစ်ကောင်စီရဲ့ ကြီးလှပါတယ်ဆိုတဲ့ တိုင်းစစ်ဌာနချုပ်၊ စကခ ၅ တို့လို တပ်မတွေနဲ့ တပ်မမှူးတွေ ကိုယ်တိုင် ကွပ်ကဲနေတဲ့ စခန်းကြီးတွေကိုပဲ တိုက်ခိုက်နေတာဖြစ်ပြီး တကယ်လည်း သိမ်းပိုက်နိုင်တာ တွေ့ရတယ်။ အဓိကတော့ အေအေက ၂၀၂၄ အကုန်မှာ သူတို့ရဲ့ ပြည်သူတွေကို လက်ဆောင်အကြီးကြီး တခုပေးဖို့ ကြိုးစားနေတာနဲ့တူတယ်။ လက်ရှိတိုက်နေတဲ့ မြို့ ၄ ခုလုံးလည်း တပြိုင်နက်တည်း သိမ်းပိုက်နိုင်ခြေရှိတယ်။ ဒီ ၄ မြို့သာသိမ်းပြီးသွားရင် ရခိုင်စစ်ရေး၊ နိုင်ငံရေးက ကြီးမားတဲ့ အပြောင်းအလှည့်တခု ဖြစ်လာနိုင်ဖွယ်ရှိတယ်” လို့ပြောပါတယ်။

အဲဒီအပြင် ဂွမြို့နယ်မှာလည်း ဟင်္သာတမြို့အခြေစိုက် ခလရ ၁၈ တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ ၅၁ တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ ၆၃ တပ်ရင်းနဲ့ ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ ၅၃၂ စတဲ့ တပ်ရင်း ၅ ရင်းစုပေါင်းထားတဲ့ စစ်ကြောင်းတခုကိုလည်း ဂွမြို့နယ် သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး၊ သံခဲချိုင်ကျေးရွာနဲ့ ကင်းပုံကျေးရွာအကြား စတဲ့နေရာတွေမှာ နိုဝင်ဘာ ၂၄ ရက်နေ့ကနေ နိုဝင်ဘာ ၂၇ ရက်နေ့ ၃ ရက်အတွင်း ချေမှုန်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၂၀ ကျော်၊ စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းတွေကို ဖမ်းဆီးရခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်အနေနဲ့ နပခဌာနချုပ်အပါဝင် ဂွ၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်ရှိ နခခ ၅ အားလုံးကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ရေကြောင်း ပစ်ကူတွေ၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းတွေကိုအသုံးပြုပြီး အသည်းအသန် ခုခံကာကွယ်နေတဲ့ကြားက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်တယ်လို့ AA က ပြောထားပါတယ်။

ရခိုင်ပြည်မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မြို့နယ် ၄ ခုမှာ အမ်း၊ တောင်ကုတ်နဲ့ မောင်တောမြို့တို့ကို AA က သိမ်းပိုက်ထားပြီဖြစ်ပြီး ဂွမြို့နယ်မှာလည်း မြို့နဲ့ ၅ မိုင်လောက်အကွာအဝေးအထိ ထိုးစစ်ရောက်ရှိလာတာဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ ၁ နှစ်ကျော်ကာလမှာ AA က မြို့နယ် ၁၁ ခုသိမ်းပိုက်ထားပြီး နောက်ထပ် မြို့နယ် ၄ ခုကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013