Home
မြန်မာသတင်း
အမ်းမြို့ကို AA ထိန်းချုပ်၊ နပခ ကို ထိုးစစ်ဆင်၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၁၂ ဦးဖမ်းမိ
DVB
·
December 5, 2024
Photo-ACDF
Photo-ACDF
Photo-ACDF

စစ်ကောင်စီတပ်လက်အောက်ခံ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၁ ရက်မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန် နပခ ဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

အမ်းမြို့အတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းအဖြစ် ကျန်ရှိနေသေးတဲ့ ယာယီစစ်ဆေးရုံ အထက ၂၊ မြို့မရဲစခန်း၊ အမ်းလေယာဥ်ကွင်း၊ ဂန္ဓာရုံဘုန်းကြီးကျောင်း၊ မြို့သစ်ရပ်ကွက် စတဲ့ စစ်ကောင်စီက တပ်စွဲနေထိုင်တဲ့ နေရာအားလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အမ်းမြို့ပေါ်ကို AA က ဒီဇင်ဘာ ၁ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်လိုက်တာ ဟုတ်တယ်။ မြို့မှာ ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကိုလည်း သိမ်းပိုက်လိုက်တာဖြစ်ပြီး လက်ရှိမှာ နပခ ဌာနချုပ်ကို အပြင်းအထန် တိုက်နေကြတယ်။ စစ်ကောင်စီက စစ်ကူတွေကလည်း ရိုးတောင်မှာ ကြားဖြတ်တိုက်ခံရတာကြောင့် မရောက်နိုင်ဘဲ လေကြောင်းပစ်ကူတခုပဲ အားပြုပြီး ပစ်ကူပေးနေရတယ်။ မြို့ပေါ်ပိတ်ကျန်ခဲ့တဲ့ အရပ်သားတွေကိုတော့ AA က ကယ်ထုတ်ထားတယ်။”

အမ်းမြို့အနီးမှာ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ ခမရ ၃၇၁၊ ခမရ ၃၇၂၊ အမှတ် ၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေပါ AA က သိမ်းပိုက်ထားပြီလို့ ပြောဆိုကြပေမဲ့ DVB အနေနဲ့ AA ပြောရေးဆိုခွင့်ရှိသူထံကနေ အတည်ပြုချက် ရယူနိုင်တာတော့ မရှိသေးပါဘူး။

အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ဒီဇင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ACDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အမ်းမြို့တိုက်ပွဲတွေထဲကနေ ထွက်ပြေးလာကြတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်ကြီးတယောက် အပါအဝင် စစ်သုံ့ပန်း ၁၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့အတူ Laptop ကွန်ပျူတာတလုံး၊ ဖုန်းတလုံး၊ MA1 သေနတ်တလက်၊ MA3 သေနတ်တလက်၊ 5 ဒသမ 56 ကျည် ၂၃ တောင့်၊ Type 81 သေနတ်တလက် (ကျည်ဘောက်မပါ)၊ ပစ္စတိုတလက်နဲ့ အဲဒီကျည် ၂၄ တောင့်ကိုပါ သိမ်းဆည်းရမိခဲ့​တယ်လို့ ဆိုပါတယ်။

ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက “အမ်းတိုက်ပွဲကနေ ထွက်ပြေးလာကြတာကို ကြိုသတင်းရလို့ ကျနော်တို့တပ်ပေါင်းစုက လမ်းကနေဖြတ်ပြီး ဖမ်းဆီးလိုက်တာပါ။ ပြန်ခုခံတာ မရှိခဲ့ပါဘူး။ အသာတကြည်ပဲ လက်နက်ချခဲ့တာပါ။ အခုဖမ်းမိတဲ့သူတွေထဲမှာ ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ သူတို့ကိုလည်း စနစ်တကျ ဆေးကုပေးနေပါတယ်။ နောက်ပြီးတော့လည်း သူတို့ကို သုံ့ပန်းဥပဒေနဲ့အညီ ထားပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ အမ်းမြို့တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာကြသူတွေကို နိုဝင်ဘာလကုန်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် နေထိုင်စားသောက်ရေးကအစ လိုအပ်တဲ့ကိစ္စအဝဝကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA) နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အမ်းမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက နေ့တိုင်း လေကြောင်းက ဗုံးကြဲနေတာကြောင့် အရပ်သားနေအိမ်တချို့ မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ သောင်းနဲ့ချီတဲ့ မြို့ခံတွေဟာ တိုက်ပွဲလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အမ်းမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“မြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေက လူတွေပါဆိုရင် လက်ရှိ စစ်ရှောင်နေကြရတာ ၂၀,၀၀၀ နဲ့အထက်လောက် ရှိနိုင်တယ်။ တချို့က ရိက္ခာတွေပါပေမဲ့ တချို့က အဝတ်တထည် ကိုယ်တခုနဲ့ ထွက်လာကြရတာ များတယ်။ အဓိကတော့ စားနပ်ရိက္ခာပြတ်တောက်မှုကို ရင်ဆိုင်နေကြရတာ။ ဆောင်းရာသီလည်း ဖြစ်တာကြောင့် အနွေးထည်မပါသူတွေလည်း အများကြီးပဲ။ တောတောင်တွေမှာ ယာယီစစ်ရှောင်နေကြသူတွေလည်း ရှိကြတယ်။”

အမ်းမြို့အခြေစိုက်ထားတဲ့ ရမခ ၃၇၃၊ အမတ ၃၇၄၊ လလစ ၇၅၇၊ စနခ ၃၄၅၊ တစသ ၈၊ တဆရ ၂/၃၀၀၊ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်၊ စရဖ-စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်တို့ကို အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA က နိုဝင်ဘာ ၁၃ ရက်ကတည်းက တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အမ်းတိုက်ပွဲကို စစ်ကောင်စီက မကွေးဘက်က စစ်ကူတွေကို ပို့ဆောင်တာတွေရှိပေမဲ့လည်း ရိုးတောင်တလျှောက်မှာ AA နဲ့ မဟာမိတ်တပ်တွေက ဟန့်တားတိုက်ခိုက်ထားတာကြောင့် စစ်ကူတွေဟာ အမ်းကို ရောက်ရှိနိုင်ခြင်း မရှိကြပါဘူး။

ဒါ့အပြင် အမ်းတိုက်ပွဲက ထွက်ပြေးလာကြတဲ့ စစ်ကောင်စီက အရာရှိတွေ အပါအဝင် တပ်ဖွဲ့ဝင်အများပြားကိုလည်း မဟာမိတ်တပ်တွေက ဖမ်းဆီးရကြတာတွေလည်း ရှိပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အမ်းမြို့နယ်မှာ အာရက္ခတပ်တော်က မတ်လကတည်းက တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ စစ်ဌာနချုပ် နပခဌာနချုပ်အထိ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုနဲ့ ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထားပြီး အမ်း၊ ဂွ၊ တောင်ကုတ်၊ မောင်တောမြို့နယ်တွေကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာလည်း ဖြစ်ပါတယ်။

ဒေသအသီးသီးမှာရှိကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အနိုင်အထက်ပြုကျင့်နေတဲ့ စစ်အာဏာရှင်တွေအတွက် အသေခံတိုက်ခိုက်မှု မပြုလုပ်တော့ဘဲ ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူတွေနဲ့အတူ ရှင်သန်ရပ်တည်ကြဖို့ AA က တိုက်တွန်းထားပါတယ်။

အမ်းမြို့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကလွဲပြီး ကျန်တဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကို အာရက္ခတပ်တော် (AA) က သိမ်းယူပြီး အမ်းမြို့ကို ထိန်းချုပ်နိုင်ပြီလို့လည်း စစ်ရေးသတင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013