United Health ကျန်းမာရေးအာမခံကုမ္ပဏီရဲ့ အမှုဆောင်ချုပ် (စီအီးအို) ဘရိုင်ယန် သွမ်ပ်ဆင်ကို အသေပစ်သတ်မှုအတွက် အလိုရှိနေတဲ့ အမျိုးသားကို ဖမ်းမိနိုင်ဖို့ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဒီဇင်ဘာ ၆ ရက်မှာ ဆုငွေ ဒေါ်လာ ၅၀၀၀၀ ကမ်းလှမ်းထားပါတယ်။
ဒီဇင်ဘာ ၄ ရက်က အသက် (၅၀) အရွယ် သွမ်ပ်ဆင်ဟာ နောက်ကျောကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ရဲတပ်ဖွဲ့က ဒါကို ပစ်မှတ်ထားတိုက်ခိုက်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားပြီး လျှပ်စစ်စက်ဘီးပေါ်တက်ကာ Central Park အတွင်းကို ပျောက်ဆုံးသွားတဲ့ သံသယရှိသူရဲ့ ဓာတ်ပုံ အများအပြားကို ထုတ်ပြန်ခဲ့ပြီး သူ့ကိုခြေရာခံရာမှာ အကူအညီပေးဖို့ ပြည်သူတွေကို ရဲတပ်ဖွဲ့က တောင်းဆိုခဲ့ပါတယ်။
သေနတ်သမားကို လိုက်လံရှာဖွေမှုအတွက် အရေးကြီးတဲ့ ၄၈ နာရီအချိန်ကာလကို ကျော်လွန်သွားပြီဖြစ်တာကြောင့် သွမ်ပ်ဆင်ကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ မြို့ကနေ ထွက်ခွာသွားပြီလို့ နယူးယော့ခ် ရဲတပ်ဖွဲ့က ယူဆကြောင်း ရဲမင်းကြီး ဂျက်စီကာတစ်ရှ်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ သောကြာနေ့က သံသယရှိသူရဲ့ ပစ္စည်းလို့ ယူဆရတဲ့ ကျောပိုးအိတ်ကို Central Park မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြပါတယ်။
အထောက်အထားတွေ အပြည့်ထည့်ထားနိုင်ခြေရှိတဲ့ စွန့်ပစ်ကျောပိုးအိတ်ကို ပထမဆုံး ဖြတ်သန်းဂိတ်မှာ လွတ်သွားခဲ့ပေမဲ့ ၈၄၃ ဧက ကျယ်ဝန်းတဲ့ ပန်းခြံကို တိုးချဲ့ရှာဖွေခဲ့တဲ့ နောက်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း CNN က အစီရင်ခံပါတယ်။
ဘတ်စ်ကားဂိတ်တခုကို ရောက်ရှိလာကြောင်း ပြသထားတဲ့ ဗီဒီယိုအသစ် ထွက်ပေါ်လာပြီးနောက်မှာတော့ နယူးယောက်မြို့မှ ထွက်ခွာသွားပြီလို့ အာဏာပိုင်တွေက ယူဆခဲ့ကြောင်း သောကြာနေ့အစောပိုင်း CNN နဲ့ အင်တာဗျူးမှာ ရဲမင်းကြီး တစ်ရှ်က ပြောကြားခဲ့ပါတယ်။
ဗီဒီယိုထဲမှာ သံသယရှိသူဟာ တက္ကစီပေါ်တက်သွားပြီး မန်ဟက်တန်အထက်ပိုင်းရှိ ဂျော့ခ်ျဝါရှင်တန် တံတားအနီးမှ ဆိပ်ကမ်းအာဏာပိုင် ဘတ်စ်ကားဂိတ်ကို ခေါ်ဆောင်သွားတာကို ပြသထားတယ်လို့ နယူးယောက်ရဲဌာနမှ စုံထောက်အကြီးအကဲ ဂျိုးဇက်ဖ်ကန်နီက အဲဒီအင်တာဗျူးမှာပဲ ပြောထားပါတယ်။
ရဲတပ်ဖွဲ့က တရားခံကို လူသိရှင်ကြား မဖော်ထုတ်သေးပါဘူး။ နယူးယောက်မြို့ ရဲတပ်ဖွဲ့ကလည်း တရားခံကို ဖမ်းဆီးနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရဖို့ သတင်းပေးနိုင်ရင် ဆုငွေ ဒေါ်လာ ၁၀၀၀၀ ပေးမယ်လို့ ကြေညာထားပါသေးတယ်။
Source: Reuters