မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဆီနာလိုအာပြည်နယ် ကူလီယာကန်မြို့တော်အနီးမှာ ဒီဇင်ဘာ ၃ ရက်က မော်တော်ကားပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ဒီဇင်ဘာ ၂ ရက်ကလည်း စွန့်ပစ်ထားတဲ့ သေတ္တာတွေထဲမှာ ကိုယ်အင်္ဂါတွေ ပိုင်းဖြတ်ခံထားရတဲ့ အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။
မြို့တော်ကူလီယာကန်ရဲ့ အစွန်အဖျားက မနက်မိုးသောက်ချိန် ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ သမားရိုးကျ ကားဗုံးမဖြစ်နိုင်ဘဲ ဒရုန်းနဲ့တူတဲ့ ကိရိယာတခုကြောင့် ဖြစ်နိုင်တယ်လို့ မက္ကဆီကိုနိုင်ငံ လုံခြုံရေးဝန်ကြီး အိုမာဂါစီယာဟာဖွှတ်ချ်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနဲ့ ကားဗုံး ဖောက်ခွဲမှုကို ရှင်းလင်းထားကြောင်းလည်း သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ရက်က ကူလီယာကန်မြို့တော်ရှိ ပြည်နယ်အစိုးရ အဆောက်အအုံရဲ့ အပြင်ဘက်မှာလည်း လူသေ အလောင်း အပိုင်းအပြတ်တွေ ထည့်ထားတဲ့ သေတ္တာနက် ၂ လုံးကို တွေ့ရှိခဲ့ပါတယ်။
ပြည်နယ်မှာ နာမည်ကြီးသူတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိခဲ့ပြီး အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဖမ်းဆီးခဲ့ပါတယ်လို့ လုံခြုံရေးဝန်ကြီးက ပြောပါတယ်။
ဒါကို လုံခြုံရေးဝန်ကြီးအဖွဲ့မှ အမြဲမပြတ် ဖြေရှင်းလုပ်ဆောင်နေပြီး ပြေလည်သွားမှာဖြစ်ပေမဲ့ ညတွင်းချင်းတော့ အားလုံးပြီးသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်တွေဟာ မက္ကဆီကိုမြောက်ပိုင်းရှိ ဆီနာလိုအာကာတယ်လ် မူးယစ်ဂိုဏ်းကြီးရဲ့ အဓိကအဖွဲ့ ၂ ဖွဲ့ ကြား ပြင်းထန်လာတဲ့ ဂိုဏ်းတွင်းပဋိပက္ခကို မီးမောင်းထိုးပြ နေပါတယ်။
ဆီနာလိုအာပြည်နယ်မှာ လက်ရှိဖြစ်ရပ် မတိုင်ခင် ဇူလိုင်လအထိ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ၅၄ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး စက်တင်ဘာလမှာ လူသတ်မှု ၁၄၄ မှု၊ အောက်တိုဘာလမှာ ၁၈၈ မှုနဲ့ နိုဝင်ဘာမှာ ၁၇၅ မှု ရှိကြောင်း ဆီနာလိုအာ အစိုးရရှေ့နေရုံးကနေ သိရပါတယ်။
Source : Reuters