Home
မြန်မာသတင်း
ရခိုင်က ကလေးငယ်များ ၁ နှစ်ကျော်ကြာသည်အထိ ကာကွယ်ဆေးထိုးနှံခွင့်မရ
DVB
·
December 7, 2024

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဆေးဝါးတွေပြတ်လပ်ကာ တနှစ်အောက် ကလေးငယ်တွေအတွက် လစဉ် ပုံမှန်ထိုးပေးနေကျ ကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်တာ မရှိဘူးလို့ ကလေးမိခင်တွေဆီကနေ သိရပါတယ်။

ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ခဲ့တာပါ။

ဒါကြောင့် ရခိုင်ဒေသတွင်း ဆေးဝါးတွေ ပြတ်လပ်လာကာ ကလေးငယ်တွေအတွက် လစဉ် ပုံမှန် ထိုးပေးနေကျ ကာကွယ်ဆေးတွေ မထိုးနှံနိုင်တာဖြစ်တယ်လို့ ကျောက်တော်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“တနှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေးမထိုးရဘူး၊ ရပ်ကွက်တွေမှာတောင် မထိုးရတာ၊ စစ်ဘေးရှောင်နေကြရတဲ့ ကလေးတွေဆို ပိုဆိုးမှာပေါ့၊ ဆေးက မရှိဘူးလေ၊ အရင်ကဆို ကျန်းမာရေးဌာနက လာပြီး ကာကွယ်ဆေးထိုးပေးတာတွေ ရှိခဲ့တယ်။ ခုက စစ်ပွဲဖြစ်နေတော့ ဆေးရုံ၊ ဆေးခန်းတွေလည်း မရှိတော့ဘူးလေ၊ ပိတ်ထားတာကြာပြီ၊ ဆရာဝန်တွေလည်း မရှိဘူး။ ပုံမှန်သောက်နေကျ ဆေးတွေတောင် မရှိတော့တာ၊ ကာကွယ်ဆေးတွေဆို ဘယ်ရှိပါ့မလဲ။ ကလေးငယ်တွေကလည်း ကာကွယ်ဆေးမထိုးရတော့ ကျန်းမာရေးချူချာကြတယ်။ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူမိတာပေါ့။”

လက်ရှိ ရခိုင်မှာ စစ်ရေးပဋိပက္ခ ပြင်းထန်နေတာကြောင့် ပုံမှန်ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းနေတာပါ။

မြို့နယ်ကျန်းမာရေးဌာနတွေ ပုံမှန်လည်ပတ်ခဲ့စဉ်ကတော့ တနှစ်အောက်ကလေးငယ်တွေကို လအလိုက် ပုံမှန်ကာကွယ်ဆေးတွေ ထိုးနိုင်ခဲ့တာပါ။

မွေးကင်းစကနေ ၅ နှစ်အောက်အထိ ကလေးတွေဟာ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်အမှေးရောင်၊ မေးခိုင်၊ ဝက်သက်၊ ဆုံဆို့ကြက်ညှာ စတဲ့ ရောဂါတွေအတွက် အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုး၊ ဆေးသောက်ကြရတယ်လို့ ဆိုပါတယ်။

ပုံမှန် ကာကွယ်ဆေးမထိုးရတဲ့ ကလေးငယ်တွေဟာ ရောဂါခုခံနိုင်စွမ်းအား နည်းလာပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ကလေးရောဂါကုဆရာဝန် Dr Kid က ပြောပါတယ်။

“ကုသရတာ ခက်တဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေ အရမ်းများတာကြောင့် ရောဂါဖြစ်နှုန်း၊ မသန်စွမ်းဖြစ်နှုန်း၊ သေဆုံးနှုန်းတွေကို လျှော့ချဖို့အတွက် ကာကွယ်ဆေးတွေက မရှိမဖြစ် လိုပါတယ်။ ကာကွယ်ဆေးတွေသာ မထိုးခဲ့ရင် ရောဂါပိုးတွေ ဝင်ရောက်ခဲ့ရင် ပိုလီယိုကြောင့် တသက်လုံး အကြောတွေ အားနည်းသွားနိုင်တယ်။ ဝက်သက် ဂျိုက်သိုးတို့ကြောင့်လည်း ဦး‌နှောက်ရောင်တာတွေ ဖြစ်နိုင်တယ်။ ကာကွယ်ဆေးတွေသာ မထိုးခဲ့ရင် အသက်အန္တရာယ် ရှိစေနိုင်တယ်။ အသက်မသေခဲ့ရင်တောင် ဦးနှောက်ကို ထိခိုက်နိုင်တယ်။ သူတို့ရဲ့ လှုပ်ရှားနိုင်စွမ်းတွေကို ထိခိုက်နိုင်တယ်။ ကာကွယ်ဆေးမထိုးတဲ့ ကလေးတွေက ဒီရောဂါတွေ အချိန်မ‌ရွေး ဝင်ရောက်နိုင်ပြီး အရမ်းအန္တရာယ်များတာကြောင့် ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးဖို့ ကြိုးစားရတာပေါ့နော်။”

ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၆ သိန်းကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024