မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မြို့သိမ်းတိုက်ပွဲဖြစ်ပြီးနောက် ကာကွယ်ဆေး လုံလောက်မှု မရှိတာကြောင့် မြို့တွင်းက လသားကလေးငယ်တချို့သာ ထိုးခွင့်ရပြီး အနောက်ပိုင်းနဲ့ တခြားကျေးရွာတွေက လသားကလေးငယ်အားလုံးနီးပါး ကာကွယ်ဆေး မထိုးနိုင်သေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့မှာ လသားအရွယ်ကလေး ကာကွယ်ဆေးတွေကို သယ်ယူဖို့ မလွယ်တာကြောင့် ဆေးမလုံလောက်တာလို့ လသားအရွယ်မိခင်တယောက်က ပြောပါတယ်။
“တကြိမ်ကို လူ ၁၅ ယောက်စာလောက်ပဲ ရတယ်။ အနီးနားကလူတွေနဲ့ပဲ စာရင်းပြည့်သွားတော့ အဝေးကလာတဲ့သူတွေဆို မထိုးရတော့ဘူး။ သယ်ယူဖို့မလွယ်လို့ ဆေးမလုံလောက်တာလို့ ဆရာမတယောက်က ပြောတယ်။”
မိုးကုတ်မြို့အရှေ့ပိုင်းက ကလေးငယ်တချို့သာ ကာကွယ်ဆေးထိုးရပြီး အနောက်ပိုင်းနဲ့ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတွေက အသက် ၂ နှစ်အောက် ကလေးငယ်အားလုံးနီးပါး ကာကွယ်ဆေး မထိုးရသေးဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းက ကလေးမိခင်တယောက်က “အနောက်ပိုင်းကနေ အရှေ့ပိုင်းထိ အဝေးကြီးသွားပြီး ကာကွယ်ဆေးသွားထိုးရတယ်။ ဆေးက ရလား မရလား မသိဘူး။ သွားရေးလာရေးကမလွယ်တော့ လိုက်မပို့နိုင်တဲ့ ကလေးတွေဆိုရင် မထိုးရဘူး” လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်ခင်က ကျေးရွာအလိုက် သူနာပြုဆရာမတွေက လစဥ် ကာကွယ်ဆေးထိုးပေးတာတွေရှိပြီး အနောက်ပိုင်းနဲ့ အရှေ့ပိုင်း ဆေးရုံတွေမှာ အလွယ်တကူထိုးခွင့် ရခဲ့တယ်လို့ သိရပါတယ်။