တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ကလေးငယ်တွေအတွက် လအလိုက် ပုံမှန်ထိုးပေးနေကျဖြစ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်တာ မရှိဘူးလို့ ကလေးမိခင်တွေဆီကနေ သိရပါတယ်။
ကာကွယ်ဆေး မထိုးပေးနိုင်တာဟာ တိုက်ပွဲစတင်ချိန်ကတည်းကဖြစ်ပြီး တနှစ်နီးပါးအကြာ ရှိလာခဲ့ပြီလို့ ကျောက်တော်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ကျမကလေးဆို ကာကွယ်ဆေး မမြင်ဖူးသေးဘူး။ တိုက်ပွဲစဖြစ်ကတည်းက ကလေးတွေ ကာကွယ်ဆေး မထိုးကြရတာ။ တနှစ်လောက်တောင်ရှိပြီ။ တိုက်ပွဲပြီးတော့လည်း မထိုးကြရသေးဘူး။”
အရင် ကျန်းမာရေးဌာနတွေ ပုံမှန်လည်ပတ်စဉ်က တနှစ်အောက် ကလေးငယ်တွေကို ဝက်သက်၊ မဲခိုင်၊ ဂျပန်ဦးနှောက်ရောင် စတဲ့ကာကွယ်ဆေးတွေ လအလိုက် ပုံမှန်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရခိုင်ဒေသမှာ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေ အပါအဝင် နှစ်ဖက် ထိန်းချုပ်နယ်မြေ ၂ ခုလုံးမှာ ကာကွယ်ဆေးတွေ မထိုးပေးနိုင်တော့ဘူးလို့ မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့နယ်က ကျန်းမာရေးဝန်ထမ်းတယောက်ကတော့ “ဒီဘက်မှာကကျတော့ ကာကွယ်ဆေးက မရှိလို့ မထိုးကြရတာပါ။ တလောကတော့ ကာကွယ်ဆေး ရောက်မယ်၊ ဆေးတွေ ထိုးရတော့မယ်လို့ ပြောသံကြားတယ်။ ဒါပေမဲ့ ခုထိတော့ ဘာမှထူးမလာသေးပါဘူး” လို့ ပြောပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ မြို့နယ်တချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျန်းမာရေးကဏ္ဍအပြင် တခြား ပညာရေး၊ စီးပွားရေး ကဏ္ဍအသီးသီးဟာ တပြည်နယ်လုံး အတိုင်းအတာအနေနဲ့ ပျက်ယွင်းနေတာ ဖြစ်ပါတယ်။