Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှ Non CDM ဝန်ထမ်းများ ခရီးသွားခွင့်ပိတ်ခံထားရ
DVB
·
December 2, 2024

စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သေးတဲ့ ရခိုင်ပြည်နယ်ရှိ မြို့တွေက ဝန်ထမ်းတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားပြီး တိုက်ပွဲတွေ ဖြစ်ပေါ်လာပါက အရေးပေါ်ပြောင်းရွှေ့နိုင်ဖို့နဲ့ ဌာနဆိုင်ရာ အရေးကြီးစာရွက်စာတမ်းတွေ လုံခြုံစေဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားရမှာဖြစ်ကာ စစ်တပ်ရဲ့ ပြောင်းရွှေ့မိန့်ကျမှသာ အခြားနေရာကို ပြောင်းရွှေ့ခွင့်ရမယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေက ပြောပါတယ်။

“ကျောက်ဖြူဘက်က ဆရာ၊ ဆရာမတချို့ကိုလည်း မြို့ပေါ်ပြောင်းခိုင်းတာ၊ စစ်တွေဘက် သွားခိုင်းတာတွေ လုပ်ထားတယ်။ ဌာနဆိုင်ရာခွင့်ပြုချက်မပါဘဲ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ နေရာကနေ တခြားနေရာကို သွားခွင့်မရှိဘူးလို့ နှုတ်မိန့်ပေးထားတယ်။ အရေးပေါ် ပြောင်းရွှေ့လို့ရအောင်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လည်း မှာထားတယ်” လို့ ကျောက်ဖြူမြို့နယ်မှ Non CDM ဆရာမတယောက်က ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ဂွမြို့တို့က စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားနိုင်တာကတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ဖြစ်ကာ အဆိုပါမြို့တွေက ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ တိုက်ပွဲတွေဖြစ်လာမှာကို ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ AA က ထိန်းချုပ်ထားနိုင်တဲ့မြို့တွေက ဝန်ထမ်းတွေကို စစ်ကောင်စီက လစာမပေးတော့ဘဲ အခြားဒေသတွေကို ပြောင်းရွှေ့နိုင်ခဲ့တဲ့ ဝန်ထမ်းတွေသာ ဝန်ထမ်းအဖြစ် ဆက်လက်ခန့်ထားတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဝန်ထမ်းတွေကပြောပါတယ်။

“မကွေးတိုင်း၊ ဧရာဝတီနဲ့ ရန်ကုန်ဘက်တွေကို အပြောင်းအရွှေ့တွေနဲ့ တော်တော်များများ ရောက်ကုန်ပြီ။ တချို့ကျတော့လည်း ဝန်ထမ်းအဖြစ်က နုတ်ထွက်လိုက်ကြတယ်။ ကျနော်တို့လည်း ဘယ်တော့ပြေးရမလဲမသိလို့ ရန်ကုန်ကို အပြောင်းအရွှေ့တင်ထားတယ်” လို့ စစ်တွေမြို့မှ လဝကဝန်ထမ်းတယောက်က ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်မြို့တွေက ဝန်ထမ်းတွေကို ခရီးသွားလာခွင့် ကန့်သတ်ထားသလို ဒေသခံပြည်သူတွေကိုလည်း လေကြောင်းနဲ့ သက်ကြီးရွယ်အို ကျန်းမာရေးမကောင်းသူ၊ ကျောင်းသားတွေကိုလောက်သာ ခရီးသွားခွင့်ပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013