Home
မြန်မာသတင်း
စစ်တွေတွင် စက်သုံးဆီတလီတာ ကျပ် ၅၀,၀၀၀ ကျော်အထိ ဈေးတက်
DVB
·
November 20, 2024

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ စက်သုံးဆီ (အောက်တိန်း - ၉၂) တလီတာကို ငွေကျပ် ၄၈,၀၀၀ ကနေ ၅၅,၀၀၀ အထိ ပေါက်ဈေးရှိနေတာကြောင့် သွားလာရေး အခက်အခဲ ကြုံနေရတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

စစ်တွေဒေသခံ ကိုဂျူးဂျူးက “ဆီဆိုင်ကြီးတွေက ပိတ်ထားတာကြာပြီ။ လမ်းဘေးက ဆီဆိုင်တွေကပဲ ဝယ်ဖြည့်နေရတာ။ ၉၅ ကတော့ မရတော့တာကြာပြီ။ ၉၂ ကတော့ တလီတာကို ၄၈,၀၀၀ ရှိတယ်။ ဒါပေမဲ့ တချို့ရပ်ကွက်တွေမှာတော့ ၅၅,၀၀၀ ဖြစ်နေပြီ။ ဆီဈေးက တရက်နဲ့တရက် မတူဘူး။ စက်ဘီးရှိတဲ့သူတွေက စက်ဘီးနဲ့သွားတယ်၊ စက်ဘီးမရှိတဲ့သူတွေက တော်ရုံဆို ခြေလျင်ပဲ သွားဖြစ်တော့တယ်” လို့ ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားတာကြောင့် စက်သုံးဆီတွေ ပြတ်လပ်လာကာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်နေတာလို့ ဆိုပါတယ်။

ဆီဈေးမြင့်တက်နေတာကြောင့် တုတ်တုတ်မောင်းနှင်သူနဲ့ ဘေးတွဲမောင်းနှင်သူတွေလည်း လုပ်ငန်းရပ်နားထားရတယ်လို့ တုတ်တုတ်မောင်းသူတယောက်က ပြောပါတယ်။

“ဆီဈေးက မြင့်တော့ ဝယ်မထည့်နိုင်ဘူး။ စီးတဲ့သူတွေကလည်း အရင်က ၃,၀၀၀ လောက်ပဲ ပေးရတဲ့ခရီးကို ဘယ်သူမှ ၁၅,၀၀၀ လောက်အထိ ပေးပြီး မစီးကြတော့ဘူးလေ။”

ရခိုင်မှာ တိုက်ပွဲမဖြစ်ပွားမီ အရင်က စက်သုံးဆီ တလီတာကို ငွေကျပ် ၂,၂၀၀ ရှိခဲ့ရာကနေ တကျော့ပြန် တိုက်ပွဲဖြစ်ပွားတဲ့ တနှစ်တာကာလအတွင်းမှာ ငွေကျပ် ၅၅,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

စစ်တွေမြို့မဈေးကြီးမှာ ဈေးရောင်းချနေသူတယောက်က “အရင်က ဈေးသွားမယ်ဆိုရင် ကယ်ရီခက ၅,၀၀၀ ပဲ ပေးရတာ။ ခုက ၁၅,၀၀၀ အထိ ပေးနေရတော့ အမြတ်ငွေက သိပ်မကျန်တော့ဘူးလေ။ ကုန်ဈေးနှုန်းတွေကလည်း ကြီး၊ ဆီဈေးတွေကလည်း မြင့်တက်နေတော့ ဈေးရောင်းရတာ အရှုံးပေါ်တာများတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီရဲ့ လမ်းခရီးပိတ်ဆို့ထားတာကြောင့် စက်သုံးဆီအပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး ဒေသခံတွေရဲ့ လူမှုဘဝ ရပ်တည်ရေး အများကြီး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024