တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ART ဆေးပြတ်မှု တနှစ်လောက်ရှိလာပြီး HIV ပိုးကူးစက်ခံနေရသူတွေရဲ့ ကျန်းမာရေးဆိုးရွားကာ သေဆုံးသူတချို့ ရှိလာနေကြတယ်လို့ သိရပါတယ်။
မာန်အောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ ၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ HIV ပိုးကူးစက်ခံနေရသူတွေနဲ့ နီးစပ်တဲ့ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
လက်ရှိမှာ ဆေးပြတ်နေသူတွေက ပိုးသတ်ဆေးတွေ အစားထိုး အသုံးပြုနေကြပေမဲ့ ART ဆေး ပုံမှန်မသောက်ရလို့ ကျန်းမာရေးထိခိုက်မှုတွေ ပိုများလာခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေထိ ရောက်လာမှာကို စိုးရိမ်နေရတယ်လို့ မြောက်ဦးက HIV ပိုးရှိသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။
“ဆေးမသောက်ရတာကြာတော့ ဗိုက်တွေ ဖောင်းကားလာတယ်။ ပိုးသတ်ဆေးတွေကလည်း ရေရှည်သောက်ရင် အန္တရာယ်ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ဆေးမရှိတော့ သောက်နေရတယ်။ အခု သူ့ကျန်းမာရေး အခြေအနေက ဆိုးတယ်လို့ ပြောလို့ရတဲ့ အခြေအနေ ဖြစ်နေပြီ။ ဆေးရုံလည်း တက်ရတာ ၂ ကြိမ်ရှိပြီ။”
ကျောက်ဖြူမြို့နယ်က HIV ပိုးရှိ အမျိုးသားတယောက်လည်း ဆေးပြတ်တာကြောင့် ကျန်းမာရေး ထိခိုက်နေပြီး ဆေးအမြန်ရနိုင်ဖို့ လိုအပ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“ကျောက်ဖြူမြို့ထဲကို မဝင်ရတော့ ဆေးက ဘယ်လိုမှ မရနိုင်ဘူး ဖြစ်နေပါတယ်။ ကျန်းမာရေးက တနေ့တခြား ပိုချူချာလာတယ်။ ဆေးကိုတော့ ဘယ်လိုနည်းနဲ့ပဲရရ ရချင်ပါတယ်။ သူတို့က အသက်ကို ဒီဆေးပဲကယ်နိုင်တာလေ။”
ရခိုင်ဒေသမှာ ဒုတိယအကြိမ်မြောက် တကျော့ပြန် တိုက်ပွဲစတင်ချိန်ကစပြီး လက်ရှိအချိန်ထိ နှစ်ဖက်ထိန်းချုပ်ဒေသ ၂ ခုလုံးမှာ ART ဆေးပြတ်နေကြတာ ဖြစ်ပါတယ်။
ဆေးပြတ်နေသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်တာကို တွေ့ရပြီး ခုလို ဆေးပြတ်တာကြောင့် HIV ပိုးရှိသူတွေရဲ့ ကျန်းမာရေး ဆိုးရွားလာနေတယ်လို့ ကျန်းမာရေး ဝန်ထမ်းက ပြောပါတယ်။