Home
မြန်မာသတင်း
ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေသည့် ရခိုင်တွင် သတင်းသိရှိနိုင်ခွင့် နှောင့်နှေးလာ
DVB
·
November 28, 2024

ရခိုင်ပြည်နယ်ထဲက မြို့နယ်အားလုံးနီးပါး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ လုံးဝ ပြတ်တောက်နေတာကြောင့် သတင်းတွေကို အချိန်နဲ့တပြေးညီ မတင်ဆက်နိုင်သလို မြေပြင်အခြေအနေမှာ သတင်းတု၊ သတင်းမှား ပျံ့နှံ့တာတွေလည်း ပိုများလာတယ်လို့ ရခိုင် သတင်းမီဒီယာသမားတွေက ပြောပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ စဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ရခိုင်မြောက်ပိုင်းက ဒေသတွေကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာပါ။

လက်ရှိမှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာနဲ့အတူ ရခိုင်တောင်ပိုင်းက ဒေသတွေပါမကျန် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ လုံးဝ ပြတ်တောက်သွားပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်မှာတော့ MPT ဖုန်းလိုင်း တခုတည်းသာ နေရာကွက်ကျား ရရှိနေတာပါ။

ရခိုင်အခြေစိုက် သတင်းသမားတယောက်က “သတင်းတခုရရှိဖို့အတွက် အရင်တုန်းကလို မလွယ်ကူတော့ဘူး။ ဒီနေ့အကြောင်းအရာကို နောက်နေ့မှပဲ သိရတယ်။ အဲဒါကို အတည်ပြုချက်ရဖို့အတွက်လည်း အခက်အခဲဖြစ်ပါတယ်။ အဆက်အသွယ် ပြတ်တောက်သွားတဲ့အတွက် မြေပြင်ကို ချိတ်ဆက်လို့မရတော့တဲ့ အနေအထားတွေရှိတယ်။ ဒါကြောင့် မြေပြင်ကို ခက်ခက်ခဲခဲသွားပြီးတော့ သတင်းသွားယူရတယ်။ တခါတလေဆို မြေပြင်က သတင်းထောက်တွေနဲ့လည်း အဆက်အသွယ် ပြတ်သွားတာတွေရှိတယ်။ ဒါကြောင့် သတင်းသွားယူရာမှာရော အချိန်နဲ့တပြေးညီ သတင်းတင်ဆက်ချိန်တွေမှာပါ အခက်အခဲတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာက သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်သလို ပြည်သူတွေရဲ့ သတင်းသိရှိပိုင်ခွင့်တွေကို အမှောင်ချလိုက်တာလို့ သတင်းမီဒီယာ အသိုက်အဝန်းက ပြောဆိုကြပါတယ်။

စစ်ကောင်စီဟာ ရခိုင်မှာ လက်လွှတ်ဆုံးရှုံးထားတဲ့ ဒေသတွေက ဆက်သွယ်ရေး တာဝါတိုင်တွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာတွေလည်း ရှိနေတယ်လို့ Arakha Times အယ်ဒီတာချုပ် ကိုတေဇာအောင်က ပြောပါတယ်။

“စစ်ကောင်စီထိန်းချုပ်တဲ့ မြို့မှာလည်း ဖုန်းလိုင်းက မရသ‌လို AA ထိန်းချုပ်တဲ့ ဒေသတွေမှာလည်း ဖုန်းလိုင်းက မရှိဘူး။ ဘာလို့ဆိုတော့ အဓိကက ဖုန်းတာဝါတိုင်တွေကို ဆီဈေးကြီးနေတဲ့အတွက် ဆီမဖြည့်နိုင်တာရယ်၊ နောက်တချက်က စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာကြောင့်ပါ။ ဒါကြောင့် သတင်းရင်းမြစ်တွေကိုရော၊ CJ တွေကို ဖုန်းဘေလ်တွေ ကြိုဖြည့်ပေးထားတယ်၊ ဖုန်းလိုင်းတွေရရင် ဆက်သွယ်ပေးပါဆိုပြီးတော့ ပြောထားရတယ်။ ကျနော်တို့က ဆက်လို့မှ မရတော့တဲ့ အနေအထား ဖြစ်လာတာ။”

တဖက်မှာလည်း သတင်းတွေကို အချိန်နဲ့တပြေးညီ မတင်ဆက်နိုင်တာကြောင့် မြေပြင်အခြေအနေမှာ သတင်းတု၊ သတင်းမှားတွေ ပိုပြီးတော့ ပျံ့နှံ့လာပြီး ပြည်သူတွေကို စိုးရိမ်စိတ်တွေ ကြီးမားစေကာ အကြောက်တရား လွှမ်းမိုးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာတော့ ကမ္ဘာ့နိုင်ငံတွေထဲမှာ တရုတ်ပြီးရင် မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013