Home
မြန်မာသတင်း
ရခိုင်တွင် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေသဖြင့် ဒေသခံများ အခက်တွေ့
DVB
·
December 5, 2024
Photo-Reuters

ရခိုင်မှာ တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ မိုဘိုင်းဖုန်းလိုင်းတွေ ပြတ်တောက်နေတာ သီတင်း ၃ ပတ်လောက်အကြာ ရှိလာနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

မိုဘိုင်းဖုန်းလိုင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်ကစပြီး ပြတ်တောက်သွားခဲ့ကာ ၃ ပတ်ခန့်ကြာတဲ့အထိ ပြန်လည်ရရှိခြင်း မရှိသေးဘဲ ဖြစ်နေတာပါ။

ဖုန်းလိုင်းတွေမရတာကြောင့် ဒေသတွင်း လူမှုရေး၊ စီးပွားရေးနဲ့ ကဏ္ဍအသီးသီးတွေမှာ အခက်အခဲ ဖြစ်ပေါ်နေကြရတယ်လို့ ဒေသနေသူတွေက ဆိုပါတယ်။

ပုဏ္ဏားကျွန်း ဒေသခံတယောက်က “အစစအရာရာ အခက်အခဲပါပဲ။ ဖုန်းလိုင်းအဆက်သွယ်မရတော့ နိုင်ငံဝင်ငွေ မှီခိုနေရသူတွေဆို ပိုဒုက္ခရောက်ကြတယ်။ ဒုက္ခရောက်တာကတော့ အကုန်အတူတူပါပဲ။ ဘာတခုမှ အဆင်မပြေဘူး။ ဖုန်းလိုင်းမြန်မြန်ရစေချင်လှပြီ” လို့ ပြောပါတယ်။

မိုဘိုင်းဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသတွင်း ကဏ္ဍအသီးသီးအတွက် အကူအညီတွေ ပေးနေတဲ့ နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာလည်း အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်တွေမြို့က NGO ဝန်ထမ်းတယောက်က ဆိုပါတယ်။

“စစ်တွေကတော့ ဖုန်းလိုင်းနည်းနည်းရပါတယ်။ ဒါပေမဲ့ အရင်လိုတော့ မကောင်းဘူးပေါ့လေ။ တခြားမြို့နယ်တွေကတော့ အဆက်အသွယ်ကို မရတာပါ။ ဒီတော့ စီမံကိန်းတွေက အလုပ်မဖြစ်ဘဲ ဖြစ်နေတယ်။ ဒေသမှာ အကူညီပေးရေးလုပ်ငန်းတွေ အများစုက အများအားဖြင့် နှောင့်နှေးနေရတယ်။ အဆက်အသွယ်ပြတ်နေတော့ လုပ်ရကိုင်ရတဲ့အပိုင်းတွေမှာလည်း တော်တော်ခက်ခက်ခဲခဲ ဖြစ်ကြရတယ်။”

ရခိုင်မှာ မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုဟာ မကြာခဏဆိုသလို ရှိနေတာဖြစ်ပြီး အရင်က ပြတ်တောက်ခဲ့မှုတွေထဲမှာ အကြာရှည်ဆုံး ပြတ်တောက်မှုအနေနဲ့ သီတင်းတပတ်ခန့်သာ ကြာမြင့်ခဲ့ပေမဲ့ လတ်တလော ပြတ်တောက်မှုကတော့ ၃ ပတ်ခန့်ကြာနေတာ ဖြစ်ပါတယ်။

လက်ရှိ မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုဟာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်ဘက်က မိုဘိုင်းတာဝါတိုင်တခု လက်နက်ကြီးကျရောက်ခဲ့မှုကြောင့် ပျက်စီးရာကနေ စတင်ပြတ်တောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းလိုင်းဟာ စစ်တွေမြို့နယ်နဲ့ စစ်တွေနဲ့နီးစပ်တဲ့ ဒေသတချို့ကလွဲရင် တပြည်နယ်လုံး အတိုင်းအတာအနေနဲ့ ပြတ်တောက်နေတာဖြစ်ပြီး ဒေသနေသူတွေဟာ မိုဘိုင်းဖုန်းလိုင်း ပြန်လည်မရရှိတော့မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ဟာ မြို့နယ်အချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြဆဲဖြစ်ပြီး တနှစ်ကျော်ကြာ ရှိလာပြီဖြစ်တဲ့ တကျော့ပြန်တိုက်ပွဲ အတွင်းမှာတော့ ရခိုင်ဒေသခံတွေဟာ ပြည်နယ်တွင်း ဆက်သွယ်ရေးပြတ်တောက်မှု ပြဿနာကို အဓိက ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013