Home
နိုင်ငံတကာ
ထိုင်းရိုးရာ တုမ့်ယမ်းကုန့် ပုစွန်ချဉ်စပ်ဟင်းလျာကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကို သတ်မှတ်
DVB
·
December 6, 2024
Photo-Khaosod

ထိုင်းနာမည်ကျော် ရိုးရာဟင်းလျာတမျိုးဖြစ်တဲ့ တုမ့်ယမ်းကုန့် အမည်ရှိ ပုစွန်ချဉ်စပ်ဟင်းလျာဟာ  ယူနက်စကိုရဲ့  ကမ္ဘာ့ဒြပ် မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ပါဝင်သွားပြီဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၅ ရက် မနက်က ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့မှာ ကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံမှာ  တရားဝင် သတ်မှတ်ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။ 

ထိုင်းရိုးရာ ပုစွန်ဟင်းလျာဟာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါသွားတဲ့အတွက် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ဝမ်းမြောက်ဂုဏ်ယူကြောင်း ၊   ညီလာခံကို အိမ်ရှင်    အဖြစ်ကျင်းပတဲ့  ပါရာဂွေးနိုင်ငံကိုရော  ရွေးချယ်သတ်မှတ်ပေးတဲ့ UNISCO ကော်မတီဝင်တွေ အားလုံးကို ပါကျေးဇူးတင်ရှိကြောင်း ဗွီဒီယိုရုပ်သံကနေ  ပြောပါတယ်။

တုမ့်ယမ်းကုန့်ဟာ ထိုင်းနိုင်ငံအလယ်ပိုင်း မြစ်ကမ်းနားဒေသ ရိုးရာဟင်းအမယ်တမျိုးဖြစ်တယ်၊ ရေချိုပုစွန်ကို ဆေးဘက်ဝင်ဟင်းချက်စရာတွေနဲ့ ရောနှောချက်ပြုတ်ထားတာကြောင့် ကျန်းမာ ရေးနဲ့ ညီညွတ်တယ် ၊ ကောင်းမွန်တဲ့ အနံ့အရသာနဲ့ အရောင်အဆင်းရှိတယ်၊ နိုင်ငံတကာရှိ ထိုင်းအစားအစာဆိုင်တွေမှာ ရောင်းချလေ့ရှိလို့ မြည်းစမ်းကြည့်စေချင်တယ်၊ ဒါမှမဟုတ် ယူကျုဗွီဒီယိုတွေပေါ်ကနေ ချက်နည်းလေ့လာပြီး ကိုယ်တိုင်ချက်ပြုတ်စားသုံးကြည့်ဖို့ တိုက်တွန်း တယ်လို့   ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။

တုမ့်ယမ်းကုန့်ထဲမှာ ပုစွန်ထုတ်၊ စပါးလင်၊ ပဒဲကော၊ တောရှောက်ခါးရွက်၊ ငြုတ်သီး၊ ရှမ်းနံနံ၊ မှို၊ သံပုရာသီးနဲ့ အုန်းနို့ စတာတွေပါဝင်ပြီး အုန်းနို့နံ့နဲ့  ချဉ်၊ ငံ၊ စပ် စတဲ့အရသာ ၃ မျိုးပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကို သတ်မှတ်ပေးတဲ့အရာမှာ ခုတကြိမ်နဲ့ဆိုရင် ၅ မျိုးရှိသွားပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က   ခွန်လို့ခေါ်တဲ့  ထိုင်းဘီလူးအက၊ ၂၀၁၉ ခုနှစ်က ထိုင်းရိုးရာ အနှိပ်ပညာ၊ ၂၀၂၁ က နိုရာလို့ခေါ်တဲ့ တောင်ပိုင်းမင်းသမီးအက၊ ၂၀၁၃ ခုနှစ်က မဟာဆုန်ကရန်နှစ်သစ်ကူးပွဲတော်၊ ဒီ ၂၀၂၄ ခုနှစ်မှာတော့ တုမ့်ယမ်းကုန့်ပုစွန်ဟင်းလျာတို့ကို ထိတွေ့မရတဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ 

Source: Thai PBS / Khaosod  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024