Home
မြန်မာသတင်း
မြန်မာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကို သတ်မှတ်
DVB
·
December 5, 2024

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တရားဝင် ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။

ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့မှာ ဒီဇင်ဘာ ၅ ရက်က ကျင်းပတဲ့ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံအတွင်း  တရားဝင် ဆုံးဖြတ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်နိုင်ရေးအတွက် အဆိုပြုစာကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီထံ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်က ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနကနေ  ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်မှာ ပေးပို့တင်သွင်းခဲ့တာပါ။

အတာသင်္ကြန်ပွဲတော် အခုလို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပါဝင်နိုင်တာဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း အပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအသင်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအားလုံးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သင်္ကြန်ပွဲတော်ဟာ မြန်မာနိုင်ငံမှာ အစောဆုံးတွေ့ရှိရပြီး ပုဂံခေတ်ကတည်းက ရှိခဲ့တဲ့ မှတ်တမ်းတွေက ဖော်ပြနေတယ်လို့ မြန်မာ့ရှေးဟောင်းသုတေသနပညာရှင်တွေက ထောက်ပြထားပါတယ်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော်တွေကို ဧပြီလမှာ ကျင်းပလေ့ရှိပြီး မြန်မာအပြင် အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့မှာလည်း ကျင်းပလေ့ရှိပါတယ်။

သင်္ကြန်ပွဲတော်ဟာ မြန်မာနိုင်ငံမှာ အစည်းကားဆုံး ရိုးရာနှစ်သစ်ကူးပွဲတော်တခု ဖြစ်ပေမဲ့ ၂၀၂ဝ ပြည့်နှစ်ကစပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် သင်္ကြန်ပွဲတော်ကို အရင်လောက် စည်ကားအောင် မကျင်းပနိုင်တာ ၅ နှစ်လောက်ရှိပြီ  ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ မဟာဆုန်ကရန်လို့ ခေါ်တဲ့ သင်္ကြန်ပွဲတော်ကိုတော့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာ အတည်ပြုကြေညာထားပြီး ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024