Home
မြန်မာသတင်း
မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ယူနက်စကို ပဏာမစာရင်းတွင် ပါဝင်လာ
DVB
·
November 7, 2024

ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ တင်သွင်းထားတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ဟာ ပဏာမစာရင်းမှာ ပါဝင်လာတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။

စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်က ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကနေ မြန်မာ့ရိုးရာသင်္ကြန်ကို ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဖြစ်ဖို့ ယူနက်စကိုကို ၂၀၂၃ ခုနှစ် မတ်လမှာ လျှောက်ထားခဲ့တာပါ။

လာမယ့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ ပါရာဂွေးနိုင်ငံမှာ ကျင်းပမယ့် ယူနက်စကို (ICH) ကော်မတီအစည်းအဝေးအပြီးမှာ မြန်မာသင်္ကြန်ဟာ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်တခု ဖြစ်လာမလားဆိုတာကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော်တွေကို ဧပြီလမှာ ကျင်းပလေ့ရှိပြီး မြန်မာအပြင် အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့မှာလည်း ကျင်းပလေ့ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ မဟာဆုန်ကရန်လို့ ခေါ်တဲ့ သင်္ကြန်ပွဲတော်ကိုတော့ ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာ အတည်ပြုကြေညာထားပြီး ဖြစ်ပါတယ်။

သင်္ကြန်ပွဲတော်ဟာ မြန်မာနိုင်ငံမှာ အစောဆုံးတွေ့ရှိရပြီး ပုဂံခေတ်ကတည်းကရှိခဲ့တဲ့ မှတ်တမ်းတွေက ဖော်ပြနေတယ်လို့ မြန်မာ့ရှေးဟောင်းသုတေသနပညာရှင်တွေက ထောက်ပြထားပါတယ်။

သင်္ကြန်ပွဲတော်ဟာ မြန်မာနိုင်ငံမှာ အစည်းကားဆုံး ရိုးရာနှစ်သစ်ကူးပွဲတော်တခု ဖြစ်ပေမဲ့ ၂၀၂ဝ ပြည့်နှစ်ကစပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် သင်္ကြန်ပွဲတော်ကို အရင်လောက် စည်ကားအောင် မကျင်းပနိုင်တာ ၅ နှစ်လောက်ရှိပြီ  ဖြစ်ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013