Home
မြန်မာသတင်း
ပျူမြို့ဟောင်း ၃ မြို့သို့ လာရောက်သည့် ပြည်ပခရီးသွားများကို ဇုန်ဝင်ကြေးတိုးကောက် 
DVB
·
January 3, 2024
pyuu 312024

ကမ္ဘာ့အမွေအနှစ်(ယူနက်စကို) စာရင်းဝင် ပျူမြို့ဟောင်း ၃ မြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ ယဉ်ကျေးမှုဇုန်တွေကို လာရောက်တဲ့ နိုင်ငံခြားသားတွေကို  ဇန်နဝါရီ ၁ ရက်က စတင်ပြီး ဇုန်ဝင်ကြေး နှစ်ဆ တိုးမြှင့်ကောက်ခံနေပြီလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။

အရင်က ပြည်ပနိုင်ငံခြားသား  တဦးလျှင် ဇုန်ဝင်ကြေး ကျပ် ၅ဝဝ၀ နှုန်းကောက်ခံရာက အခုလ ၁ ရက်က စပြီး ကျပ် ၁ဝဝဝဝ နှုန်း ပြောင်းလဲ ကောက်ခံတာပါ။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက “ဇုန်ဝင်ကြေး တိုးလိုက်တာက မြို့ဟောင်း ၃ ခုတည်း မဟုတ်ပါဘူး။ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ လာ ရောက် လည်ပတ်တဲ့ ဇုန်တိုင်းကိုလည်း ပြောင်းလဲကောက်ခံတာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်း‌ထားတွေကိုပဲ သတ်မှတ်ကောက်ခံထားတာပါ” လို့ ​ ပြောပါတယ်။

အလားတူ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ ဘားအံ၊ ပုသိမ်၊ ထားဝယ်နဲ့ ကျိုင်းတုံဒေသရှိ ယဉ်ကျေးမှုပြတိုက်နဲ့ စာကြည့်တိုက်တွေကို လာရောက် လေ့လာကြတဲ့ ပြည်ပဧည့်သည်တွေကို ကျပ် ၅၀၀၀ နှုန်း၊ ပြည်တွင်းဧည့်သည်တွေကို တဦးလျှင် ငွေကျပ် ၅ဝဝ နှုန်းအဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကစပြီး ပြောင်းလဲကောက်ခံနေပြီလို့ သိရပါတယ်။

ဒါ့အပြင် ပုဂံဌာနခွဲ ပုဂံယဉ်ကျေးမှုဇုန်နယ်မြေအတွက် နိုင်ငံခြားသား တဦးကို ငွေကျပ် ၂ သောင်းခွဲ သတ်မှတ်ထားရှိပြီး ပြည်တွင်းက လေ့လာသူတွေအတွက် အခမဲ့ခွင့်ပြုပေးထားကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှေးဟောင်းယဥ်ကျေးမှုပြတိုက်နဲ့ စာကြည့်တိုက်တွေမှာတော့ ရဟန်းသံဃာ၊ သီလရှင်၊ ကျောင်းသား/သူ၊ ကလေးသူငယ်၊ သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေကို အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုထားကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013